နမခစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခကို တော်လှန်ရေးအင်အားစုတွေက မတ်လ ၂၃ရက်နေ့ ည ၉နာရီခွဲခန့်မှာ ၁၀၇မမ ရှော့တိုက်ဒုံး သုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
နမခထဲက MI 17 စစ်ရဟတ်ယာဉ် ရပ်နားကွင်းကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တဲ့ အဆိုပါ တိုက်ခိုက်ခဲ့မှုအတွင်းမှာ ရှော့တိုက်ဒုံး ၂လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ နမခဟာ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ရေးကွပ်ကွဲမှုပေးနေတဲ့ ဌာနဖြစ်ပြီး ဒေသခံပြည်သူတွေကို စစ်ကြောင်းထိုးသတ်ဖြတ်တာ၊ လေယာဉ် စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)၊ Freedom Revolution Force (FRF) Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangersတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ နမခအတွင်း ထိခိုက်ပျက်စီးမှုတွေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။