စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLA ဆို

Author CJ Platform
Categories
Published on Feb 24, 2025

တအာင်းတပ်TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားနေရာ ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ‌နောင်ချိုမြို့ တောင်ရှည်ကျေးရွာနဲ့ မန်မော်ကျေးရွာတို့ကြားကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နေ့လယ် ၁ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLAတပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရပြီး (၄)ဦးတို ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် TNLAတပ်သားအများအပြား မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

 

စစ်ကောင်စီက နိုင်ငံတကာက တားမြစ်ထားတဲ့ အဆိပ်ငွေ့ဗုံးကို တိုက်ပွဲအတွင်းအသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ တအာင်းတပ် TNLA ကဆိုထားပါတယ်။

PSLF/TNLA နဲ့ စစ်ကောင်စီတို့ကြား တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့သလို ဆွေးနွေးပွဲသွားရောက်တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာပဲ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ဗုံးအလုံး ၂၀၀ နီးပါးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့လည်း ၁၅၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

ဆွေးနွေးပွဲအပြီးမှာလည်း တအာင်းတပ် TNLA ထိန်းချုပ်ရာနေရာတွေကို စစ်ကောင်စီက နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီဂခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။