ထမင်းတနပ် ၁၅ ဘတ် ကူညီမှုအစီအစဉ် ပြန်စတင်နေသော်လည်း ရံပုံငွေအခက်အခဲရှိနေ

Author CJ Platform
Categories
Published on Feb 24, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိခိုလှုံနေကြသူ တော်လှန်ရေးအင်အားစုတွေ ဝင်ငွေနည်းပါးသူတွေ အားကိုးနေရတဲ့ ထမင်းတနပ် (၁၅)ဘတ် မျှကူမှု အကူအညီ အစီအစဉ်ကို ဒီတပတ်ထဲ ပြန်စတင်နိုင်ခဲ့ပေမဲ့ ရံပုံငွေနည်းပါးနေသေးတယ်လို့ အဖွဲ့တာဝန်ခံ ကိုမင်းသွေးသစ်က ပြောပါတယ်။

 

အလှူရှင်တစ်ချို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြန်လည်စတင် နိုင်ခဲ့ပေမဲ့ ရံပုံငွေနည်းပါးနေသေးတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရိက္ခာပို့ဆောင်နေတဲ့ကားပါ ရောင်းချရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

 

“ဝိုင်းလှူတဲ့ငွေက သုံးပတ်စာ အရှုံးခံနိုင်စာသာ ရှိသေးတယ်ပေါ့၊ သုံးပတ်အတွင်းမှာတော့ ကားကိုရောင်းပြီးတော့ ဆက်သွားမှာပေါ့၊ အနည်းဆုံးတော့ ၂ နှစ်ပြည့်တဲ့ ရှစ်လပိုင်းလောက်အထိတော့ ဆက်သွားနိုင်အောင် ကြိုးစားသွားမယ်” လို့ ကိုမင်းသွေးသစ်က CJ Platform ကိုပြောပါတယ်။

 

ရံပုံငွေနည်းပါးနေတဲ့အတွက် ရိက္ခာပို့ကားကို ရောင်းချရတာသာဖြစ်ပြီး လက်ရှိမှာ ကားကိုဈေးနှိမ်ဝယ်ယူနေတာကြောင့် ဈေးဆိုင်ထားဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ရိက္ခာပိုချိန်မှာတော့ အခြားကားကို ငှားရမ်းအသုံးပြုရမှာဖြစ်တယ်လို့ CJ Platform နဲ့တွေ့ဆုံစဉ် ကိုမင်းသွေးသစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ထမင်းတနပ် (၁၅)ဘတ်အဖွဲ့  အနေနဲ့ လစဉ်ပုံမှန်ကျခံရသော ကုန်ကျစရိတ်တွေက ထမင်းဟင်းချက်ရန် နေရာငှားခ၊ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်တွေအတွက် ကုန်ကျစရိတ်၊ လိုက်လံပို့ဆောင်တဲ့ Delivery အတွက် ဆိုင်ကယ်ဆီဖိုး၊ အပတ်စဉ် အရှူံးခံတဲ့ ကုန်ကျစရိတ်၊ အခြားကုန်ကျစရိတ်တွေဟာ တလကို ဘတ်(၂၅၀၀၀) (ဘတ်နှစ်သောင်းခွဲ) ကုန်ကျတယ်လို့ သူတို့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

 

လစဉ်ကုန်ကျစရိတ်တွေကို အမာခံအဖွဲ့ဝင်တွေရဲ့ လစဉ်ထောက်ပံ့မှုနဲ့ ပြင်ပအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့သာ ရပ်တည်နေပြီး ရန်ပုံငွေနည်းပါးတဲ့ အခြေအနေရှိနေတာကြောင့် အမှန်တကယ် လိုအပ်တဲ့ သူတွေကသာ မှာယူကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

လူတစ်ဦး ဝဝလင်လင်မက စားသုံးနိုင်တဲ့ ဟင်းနဲ့ထမင်းကို တစ်ပတ်လျှင် သုံးရက် နေအိမ်တွေအရောက် ရောင်းချပေးခဲ့တဲ့ ထမင်းတနပ်(၁၅)ဘတ် မျှကူ အစီအစဉ် စတင်ခဲ့တာဟာ တစ်နှစ်ခွဲကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ထမင်းတနပ်(၁၅)ဘတ်