စစ်တွေမှာ မွတ်ဆလင် အယောက် ၁၀၀ ခန့်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ စုဆောင်းထား
ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ မွတ်ဆလင် အယောက် ၁၀၀ ခန့်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဒီဇင်ဘာလ တတိယပတ်မှာ စုဆောင်းထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက တစ်အိမ်ကို တစ်ယောက် စစ်မှုထမ်းရမယ်လို့ ရခိုင်ပြည် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ အမိန့်နဲ့ မွတ်ဆလင်လူကြီးတွေကို ဒီဇင်ဘာလ တတိယပတ်မှာ အစည်းအဝေးခေါ်ယူကာ ပြောဆိုပြီးနောက် အခုလို စုဆောင်းတာတွေ လုပ်လာတာပါ။
“တစ်ပတ်နီးပါးရှိပြီ ခေါ်ပြောတာ။ ယောကျာ်းလေးရှိတဲ့အိမ်တွေက တစ်အိမ်တစ်ယောက်ကျ ပေးရမယ်လို့ ပြောတယ်။ အများစုက စစ်မှုထမ်းရမှာစိုးလို့ ထွက်ပြေးနေကြပြီ။ ပိုက်ဆံမရှိ မှတ်ပုံတင်မရှိသူတွေကတော့ မပြေးနိုင်ကြဘူး”လို့ စစ်တွေဒေသခံ မွတ်ဆလင် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖွဲရာကုန်းဒုက္ခသည်စခန်း (ဒေသအခေါ်ဆေးသမား ဒုက္ခသည်စခန်း) က မွတ်ဆလင်လူငယ် အယောက် ၂၀ နဲ့ သဲချောင်းရွာက လူအယောက် ၅၀ အပါအဝင် စုစုပေါင်း ၁၀၀ ခန့်ကို ခေါ်ယူကာ သင်တန်းပေးထားပြီးဖြစ်ကြောင်း စစ်တွေမြို့က နောက်ထပ် မွတ်ဆလင် အမျိုးသားတစ်ယောက်က ပြောပါတယ်။
“စစ်တွေမှာ လက်ရှိတော့ ၁၀၀ ကျော်ကျော် ခေါ်သွားကြပြီးပြီ။ တပ်တွေမှာခွဲပြီး သင်တန်းပေးထားကြတယ်။ ရွာအများစုကတော့ မပေးနိုင်သေးဘူး။ လူမရှိဘူးလို့ ငြင်းထားကြပါတယ်။ ဆေးသမားစခန်းမှာကတော့ အတင်း လာဆွဲခေါ်သွားတာ။ အဲဒါကြောင့် လူငယ်တွေက ရရာနည်းနဲ့ အကုန်ထွက်ပြေးကြပြီ”လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီက ဖိအားပေးစစ်မှုထမ်းခိုင်းမှုတွေကြောင့် မွတ်ဆလင်လူငယ်တွေအများစုဟာ ထိုင်း၊ မလေးနဲ့ ရန်ကုန်တို့ကို ပွဲစားတွေကနေတဆင့် သိန်းရာနဲ့ချီအကုန်အကျခံကာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ် အတွင်းက မွတ်ဆလင်လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေပေမဲ့ ရခိုင်နဲ့ ကမန် လူမျိုးတွေကိုတော့ စစ်မှုထမ်းခေါ်တာမျိုး မရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
ဒါပေမဲ့ စစ်တွေမြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာတွေက ဒေသခံတွေအားလုံးကို မြို့ထဲကို အတင်းပြောင်းရွှေ့ခိုင်းပြီး လူစုထားတဲ့အတွက် တိုက်ပွဲဖြစ်လာပါက လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေနဲ့ စစ်ကောင်စီက ပဋိပက္ခဖန်တီးလာမှာကို စိုးရိမ်မှုတွေရှိတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်း မွတ်ဆလင်လူငယ်တွေကို ခေါ်ယူပြီး စစ်သင်တန်းပေးထားဟာ စုစုပေါင်း လူအယောက် ၃,၀၀၀ နီးပါး ရှိနိုင်တယ်လို့ စစ်တွေက မွတ်ဆလင်လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သင်တန်းဆင်းခဲ့တဲ့ သင်တန်းသားတချို့ဟာ ရသေ့တောင်နဲ့ သံတွဲမြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ရပြီး ကျဆုံးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျန်တဲ့ စစ်မှုထမ်း သင်တန်းဆင်း အများစုဟာလည်း ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်ခံရမှာ စိုးရိမ်နေကြပါတယ်။
လက်ရှိစစ်တွေမြို့နယ်အတွင်း AA နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာလည်း ရွှေမင်းဂံဆိပ်ကမ်းအနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေရှိတယ်လို့ စစ်တွေမြို့နယ်က ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်