စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ ဆီးရီးယားအာဏာပိုင်အသစ်တွေ ပူးပေါင်းမယ်
ဆီးရီးယားပြည်တွင်းစစ်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် တရားမျှတမှုရရှိဖို့ လုပ်ဆောင်မဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုချက်ကို ဆီးရီးယားအာဏာပိုင်အသစ်တွေက လက်ခံခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။
အဲဒီအဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဆီးရီးယားနိုင်ငံအတွက် နိုင်ငံတကာကသူတွေနဲ့ ဘက်မလိုက်ဘဲ လွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ၂၀၁၁ ခုနှစ် က စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်းက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ လူတစ်ဦးချင်းစီရဲ့ သက်သေအထောက်အထား စုဆောင်းတာတွေနဲ့ တရားစွဲဆိုတာတွေမှာ ကူညီဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ အဆိုးရွားဆုံးစစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ ကူညီပေးနေတဲ့ အဲဒီအဖွဲ့ဟာ ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဆီးရီးယားနိုင်ငံကို ရောက်လာပြီး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ရေဘတ်ပီတစ်က ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
(စုံစမ်းစစ်ဆေးမှုအတွက် အရေးကြီးတဲ့) စာရွက်စာတမ်းတွေနဲ့ အခြားသက်သေအထောက်အထားတွေ မပျောက်ပျက်သွားခင်မှာ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အရေးကြီးတယ်လို့လည်း မစ္စတာပီတစ်က အလေးပေးပြောဆိုပါတယ်။
ဆီးရီးယားအာဏာရှင် အာဆတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြုတ်ချလိုက်ပြီးနောက်မှာ အကျဉ်းထောင်နဲ့ ထိန်းသိမ်းရေးစခန်းက သူတွေကိုပါ လွှတ်ပေးခဲ့တာကြောင့် အာဆတ်အုပ်ချုပ်စဉ်ကာလအတွင်းက ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သတ်ဖြတ်ခဲ့မှုတွေကိုလူတွေပိုသိလာကြပြီး တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ ဆီးရီးယားနိုင်ငံသားတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုလာကြတာလည်း ဖြစ်ပါတယ်။
“အာဆတ်ကျဆုံးသွားမှုဟာ မြေပြင်မှာ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ဆောင်ရွက်ဖို့အတွက် အရေးပါတဲ့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ အချိန်တွေက တဖြည်းဖြည်းကုန်နေပါပြီ။ (စုံစမ်းစစ်ဆေးမယ့်) အဲဒီနေရာတွေနဲ့ သူတို့တွေ (ဆီးရီးယားအာဏာပိုင်အသစ်တွေ) ထိန်းထားတဲ့ အရာတွေ လုံခြုံဖို့အတွက် အခွင့်အလမ်းက နည်းနည်းပဲရှိပါတော့တယ် “လို့ မစ္စတာ ပီတစ်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ တွဲဖက်ပြောရေးဆိုခွင့်ရှိသူ စတီဖန်ထရမ်ဘလေကလည်း “ဆီးရီးယားမြေပေါ်မှာ လှုပ်ရှားဆောင်ရွက်ဖို့ ခွင့်ပြုချက်ရပြီးတာနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဆောင်သွားဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြင်ဆင်ထားတယ်” လို့ ယမန်နေ့က ပြောပါတယ်။
မစ္စတာပီတစ်နဲ့အတူခရီးစဉ်မှာ လိုက်ပါလာတဲ့ IIMM အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း “ခွင့်ပြုချက်ရမယ်လို့ မျှော်လင့်ထားတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားပါတယ်” လို့ AP သတင်းဌာနကို ပြောပါတယ်။
“ကြားဖြတ်အစိုးရရဲ့ ကိုယ်စားလှယ်တွေဟာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုချက်ကို အလွန်လိုလိုလားလား ရှိကြပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေရဲ့ အတိုင်းအတာတွေကိုလည်း စိတ်ဝင်တစားရှိကြပါတယ်။ လောလောဆယ် သူတို့ရရှိထားတဲ့ စာရွက်စာတမ်းတွေကို ကာကွယ်ဖို့အတွက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေလိုအပ်တယ် ဆိုတာကိုလည်း သူတို့ အလေးပေးပြောဆိုခဲ့ပါတယ်”လို့ အခြေအနေအရ အမည်မဖော်လိုတဲ့ အဲဒီ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
IIMM ပြောရေးဆိုခွင့်ရှိသူက ဆီးရီးယားရဲ့ ဘယ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့လဲ၊ မစ္စတာပီတစ်နဲ့ နောက်ပိုင်းကျ ဘယ်နေရာတွေကို သွားရောက်မှာလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
“အဆောက်အအုံတစ်ခုထဲမှာ တွေ့ရတဲ့ တောင်လိုပုံနေတဲ့ အစိုးရရဲ့ စာရွက်စာတမ်းတွေကို ကြည့်လိုက်ရင်ဆောင် သူတို့တွေ (စစ်အစိုးရ) စနစ်တကျနဲ့ လုပ်ဆောင်ခဲ့တဲ့ အင်မတန်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျောချမ်းစရာကောင်းလောက်အောင် တွေ့ရှိရပါတယ်”လို့ မစ္စတာပီတစ်က ဆိုပါတယ်။
ဆီးရီးယားနိုင်ငံသားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကမိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို ထိန်းသိမ်းဖို့၊ လုပ်ပြီးသားကိစ္စရပ်တွေ မလိုအပ်ဘဲ ထပ်မလုပ်မိစေဖို့နဲ့ တရားမျှတမှုရှာဖွေတဲ့အခါ ထိခိုက်နစ်နာသူ အားလုံးပါဝင်ကြောင်း သေချာစေဖို့ ဆိုတာတွေကို ဦးစားပေး လုပ်သင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာလည်း အဖွဲ့ဝင် ၁၉၃ ဦးပါဝင်တဲ့ အထွေထွေညီလာခံကနေ ဆီးရီးယားပဋိပက္ခအတွင်းမှာ ပျောက်ဆုံးသွားတဲ့ လူပေါင်း ၁၃၀,၀၀၀ ကျော်ရဲ့ ကံကြမ္မာကို သေချာသိရဖို့အတွက် ရည်ရွယ်ပြီး လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုကိုလည်း ထူထောင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – AP Photo/ Hussein Mala
ပုံစာ- ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်က နေရာတစ်နေရာမှာ အာဏာရှင်ဟောင်းအာဆတ်ရဲ့ ပုံရှေ့မှာ ဖိနပ်ချိတ်ဆွဲထားတာကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်
ကိုးကား – AP News