မြန်မာ့အရေးအတွက် တရုတ်ခေါင်းခဲနေရပြီ
တရုတ်နိုင်ငံဟာ နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရော၊ နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေကိုပါ ဟန်ချက်ညီအောင် ထိန်းကွပ်ဆက်ဆံလာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုက အဲဒီလို ဟန်ချက်ညီအောင် ထိန်းကွပ်နိုင်တဲ့ အနေအထားကို ပျက်ပြယ်သွားစေခဲ့ပါတယ်။
တရုတ်ကောင်စစ်ဝန်ရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့အပေါ် တရုတ်နိုင်ငံက စစ်အစိုးရကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ ဒီတိုက်ခိုက်မှုကို စစ်ကောင်စီရော၊ ဒီမိုကရေစီဘက်တော်သားတွေကပါ ရှုတ်ချထားကြပေမယ့် ဘယ်သူတွေက ကျူးလွန်တာလဲဆိုတာ အခုချိန်ထိ မသိရသေးပါဘူး။
တရုတ်သမ္မတ ရှီ လက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ မူဝါဒတွေကြောင့် အဖွဲ့နှစ်ဖွဲ့လုံး (စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ)က မကျေနပ်ကြပါဘူး။ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ပြုတ်ကျအောင်လုပ်ပြီး ပြည်တွင်းစစ်ကို ပြန်ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနှစ်က တရုတ်နိုင်ငံသားတွေကို လိမ်လည်လှည့်ဖြားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အခါမှာ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ရပ်တည်ခဲ့လို့ မကျေမနပ်ဖြစ်ခဲ့တာပါ။
ကျားဖြန့်နှိမ်နင်းဖို့ ရည်ရွယ်ပြီး တရုတ်ဘက်က မီးစိမ်းပြလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ကျားဖြန့်ကိစ္စတင်မကဘဲ စစ်အစိုးရရဲ့ ထိုင်ခုံကိုပါ လှုပ်ကိုင်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက နိုင်ငံရဲ့ နေရာအများစုကိုပါ ထိန်းချုပ်နိုင်မယ့် အခြေအနေထိ ရောက်လာခဲ့ပါတယ်။ အဲဒီလို အခြေအနေမှာ ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တခွင်မှာပဲ ရပ်တန့်နေဖို့ တရုတ်ကဖိအားပေးပြီး တိုင်းပြည်အခြေအနေပိုပြီး မရှုပ်ထွေးသွားအောင် စစ်အစိုးရဘက်ကို ထောက်ခံခဲ့ပါတယ်။
“တရုတ်နိုင်ငံဟာ စစ်ကောင်စီအစိုးရကို သဘောကျတာ မဟုတ်ပေမယ့် နေပြည်တော်မှာ အာဏာတွေ ရုတ်တရက် ကျဆင်းပျက်စီးသွားတာ (စစ်အုပ်စုပြိုလဲသွားတာ) မျိုးကိုတော့ လုံးဝမလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သူတို့ မသိလို့ပါ။ အဲဒီလိုဖြစ်သွားရင် ပိုဆိုးသွားမှာကို သူတို့ စိုးရိမ်ကြပါတယ်။ ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေတွေကို သူတို့ မလိုလားကြပါဘူး” လို့ ကမ္ဘာတဝန်းက ပဋိပက္ခတွေကို လေ့လာသုံးသပ် အကြံပေးလေ့ရှိတဲ့ နိုင်ငံတကာ အကျပ်အတည်းအုပ်စု (ICG) က မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆီက ပြောပါတယ်။
စစ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ နယ်မြေတွေ ဆုံးရှုံးနေရတာအပြင်၊ အနောက်ဘက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်နားက ရခိုင်ပြည်နယ်ကိုတောင် ဆုံးရှုံးတော့မယ့် အနေအထားဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၈၆ ရာခိုင်နှုန်းလောက်ကို မထိန်းချုပ်နိုင်တော့တာကြောင့် စစ်ဗိုလ်ချုပ်တွေ အာဏာကို ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
သြဂုတ်လဆန်းပိုင်းမှာ စစ်အစိုးရဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တည်ရှိတဲ့ လားရှိုးမြို့ကို ဆုံးရှုံးလိုက်ရတာဟာ သူတို့အတွက် အကြီးဆုံးထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ လားရှိုးမြို့ကျသွားတာဟာ နေပြည်တော်၊ ရန်ကုန်တို့နဲ့ လမ်းကြောင်းဆက်နေတဲ့ မန္တလေးမြို့တောင် တိုက်ခိုက်ခံရနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ လန်ဒန်က နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနက သုံးသပ်ထားပါတယ်။
“အကယ်၍ မန္တလေးကို တိုက်ခိုက်နိုင်မယ်ဆိုရင် နေပြည်တော်အထိ တိုက်ခိုက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ရသွားနိုင်ပြီး၊ စစ်အစိုးရအသက်ဆက်ရှင်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်” လို့ လန်ဒန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနက ဒီလထဲမှာ ထုတ်ပြန်တဲ့ အကဲဖြတ်သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
“လားရှိုးမြို့ကျသွားတာက ၂၀၂၁ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်အတွက် အားအနည်းဆုံး အခြေအနေကို ရောက်သွားစေခဲ့တယ်” လို့လည်း ထောက်ပြထားပါတယ်။
မန္တလေးကို တိုက်ခိုက်မှု ဖြစ်လာမလား၊ ဘယ်အဖွဲ့တွေက ပါဝင်လာမလဲဆိုတာ မသေချာသေးပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ အစိုးရတစ်ခု (NUG) ရဲ့ လက်အောက်ခံတပ်တွေက မန္တလေးဒေသမှာ တဖြည်းဖြည်း အောင်မြင်မှုရလာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့ဟာ မနှစ်က အောက်တိုဘာလတုန်းက အရေးပါတဲ့ စစ်တပ်စခန်းတွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ “ညီနောင်မဟာမိတ်သုံးဖွဲ့” လို့ခေါ်တဲ့ အဖွဲ့က ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားကတည်းက တရုတ်နိုင်ငံသားတွေဆီက ဒေါ်လာဘီလီယံနဲ့ချီပြီး လိမ်လည်ယူထားတဲ့ ဆိုက်ဘာမှုခင်းဂိုဏ်းတွေကိုပါ နှိမ်နင်းခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး သံသယရှိသူ ထောင်နဲ့ချီကို တရုတ်နိုင်ငံဘက် ပြန်ပို့ပေးခဲ့ပါတယ်။
စစ်တပ်ရဲ့ အမျိုးသားရေးဝါဒီ ထောက်ခံသူတွေဟာ တရုတ်နိုင်ငံရဲ့ ညီနောင်သုံးဖွဲ့အပေါ် သိသာတဲ့ ထောက်ခံမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သူ့ရဲ့မိန့်ခွန်းတွေမှာ နာမည်မဖော်ပြတဲ့ နိုင်ငံခြားတိုင်းပြည်တွေက သူ့ရန်သူတွေကို အစားအသောက်၊ ငွေကြေးနဲ့ အခြားထောက်ပံ့မှုတွေ ပေးနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်မစွက်ဘူးလို့ ကတိပေးထားတဲ့ တရုတ်နိုင်ငံကို ရည်ညွှန်းတာ ထင်ရှားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အင်အားကြီးလာတဲ့အခါ တရုတ်က ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းခဲ့ပေမယ့် လအနည်းငယ်အကြာမှာပဲ ပျက်ပြယ်သွားခဲ့ပါတယ်။
တိုင်းရင်းသားတပ်တွေက တောင်ဘက်က စစ်ကောင်စီတပ်စခန်းတွေကို စတင်သိမ်းပိုက်လာတဲ့အခါ၊ သူတို့ရဲ့ ထိုးစစ်ကို ရပ်တန့်ဖို့ တရုတ်က စီးပွားရေးဖိအားပေးမှုတွေနဲ့ မရှင်းလင်းတဲ့ ခြိမ်းခြောက်မှုတွေ လုပ်လာတယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ လှုပ်ရှားနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက Bloomberg သတင်းဌာကို “တရုတ်အစိုးရက ကျွန်မတို့ကို တိုက်ပွဲတွေရပ်ဖို့နဲ့ ထိုးစစ်မဆင်ဖို့ ဖိအားပေးနေပါတယ်”လို့ ပြောခဲ့ပါတယ်။ တရုတ်က သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ချမှတ်ပြီး ဆေးဝါးအပါအဝင် နယ်စပ်ကုန်သွယ်မှုတွေကို ကန့်သတ်ထားတယ်လို့လည်း သူ (မ) က ပြောပါတယ်။
သြဂုတ်လ သတင်းစာရှင်းလင်းပွဲမှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်က ပြောခဲ့သလားဆိုတဲ့ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက တိုက်ရိုက်အဖြေမပေးဘဲ၊ ရှီကျင့်ဖျင်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်နေတယ်လို့ပဲ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်နေပြီး အဲဒီအတွက် တက်ကြွစွာ ဆောင်ရွက်နေပါတယ်”လို့ သတင်းထောက်တွေကို သူက ပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက တင်းမာမှုတွေ လျှော့ချရေးကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်”လို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
လာအိုနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ရေး ကြိုးပမ်းမှုတွေ မအောင်မြင်တာအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။ စင်္ကာပူဝန်ကြီးချုပ် လောရင့်ဝမ်က တရုတ်လို မိတ်ဖက်နိုင်ငံတွေဟာ မြန်မာအာဏာပိုင်တွေကို စစ်ပွဲရပ်တန့်ဖို့ ဖိအားပေးရာမှာ “ရှေ့တိုးဆောင်ရွက်” သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ ပေါ်ပေါ်တင်တင် ထိတွေ့ဆက်ဆံမှုတွေကို မကြာသေးမီက တိုးမြှင့်လာခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သြဂုတ်လအတွင်း မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံကြား ရှိရင်းစွဲ “ပေါက်ဖော်ချစ်ကြည်ရေး” (တရုတ်အရာရှိတွေ ပြောကြားချက်အရ “အတူမွေးဖွားတဲ့ညီအစ်ကိုတွေ” လို့ အဓိပ္ပာယ်ရတဲ့ စကားလုံး) ကို ချီးကျူးပြောကြားခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မင်းအောင်လှိုင်ဟာ နောက်လမှာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ သတင်းထွက်နေပါတယ်။
ICG က ဟော်ဆီရဲ့ အဆိုအရ စစ်ခေါင်းဆောင်ဖြစ်သူကိုယ်တိုင် ဘေကျင်းမှာ တရုတ်အရာရှိတွေနဲ့ တွေ့ဆုံဖို့ သွားရောက်တာဟာ “တရုတ်နိုင်ငံရဲ့ မူဝါဒ လမ်းကြောင်းပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း ပြလိုက်တာ ဖြစ်မယ်”လို့ ဆိုပါတယ်။
“သူ့အနေနဲ့ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်ဆိုရင် ပိုပြီး အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေတယ်” လို့လည်း သူက ထပ်ပြီး သုံးသပ်ထားပါတယ်။
ဓာတ်ပုံ- Reuters
ပုံစာ- ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ထဲမှာ တရုတ်သမ္မတ ရှီရဲ့ မြန်မာနိုင်ငံလာရောက်ခဲ့တဲ့ ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံတော်အလံ လွှင့်ထူဖို့ အလုပ်သမားတွေပြင်ဆင်နေပုံ (ပုံအဟောင်း)
Bloomberg ရဲ့ China’s Xi faces dilemma as consulate blast sparks fear of Myanmar chaos ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။