ဗြိတိန်မှာ မိန်းကလေးငယ် သုံးဦးသေဆုံးစေခဲ့တဲ့ ဆယ်ကျော်သက်ကို ထောင်ဒဏ် ၅၂ နှစ်ချမှတ်
အင်္ဂလန်နိုင်ငံမြောက်ပိုင်း ဆောက်ပို့တ်မြို့က ကပွဲတစ်ခုမှာ ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် မိန်းကလေးသုံးဦးသေဆုံးခဲ့တဲ့ အမှုအတွက် ပြစ်မှုကျူးလွန်တဲ့ ဆယ်ကျော်သက်ကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့က ထောင်ဒဏ် ၅၂ နှစ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၁၈ နှစ်အရွယ် အက်ဇဲလ်ရူဒါကူဘာနာ ဆိုတဲ့ ဗြိတိန် လူငယ်က ယမန်နှစ် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကပွဲတစ်ခုမှာ ဓားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မိန်းကလေးငယ် သုံးဦးသေဆုံးပြီး အခြားလူ ၁၀ ဦးလည်း ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့တယ်ဆိုပြီး ဝန်ခံခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမာက ဗြိတိန်သမိုင်းမှာ အဆိုးရွားဆုံး အချိန်ကာလတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဗြိတိန် တဝန်းက လူတွေလည်း အံ့ဩထိန်လန့်သွားကြပြီး အဓိကရိုဏ်းတွေလည်း ဖြစ်ခဲ့ကြပါတယ်။
အစိုးရရှေ့နေ ဒီယန်နာဟီရာက “ရူဒါကူဘာနာဟာ အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို စွဲလမ်းနေတယ်”လို့ လီဗာပူး ရာဇဝတ်တရားရုံးကို လျှောက်ထားပါတယ်။
ဒါ့အပြင် သူ့ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူနှစ်ဦးက ဆိုးဆိုးရွားရွား ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး လောကကြီးထဲမှာ တခြားအရာတွေထက် ရက်စက်ခြင်းမှာ သာယာတဲ့ကိစ္စက ရှင်းပြရအခက်ဆုံးဖြစ်တယ်လို့လည်း ဟီရာက ဆက်ပြောပါတယ်။
တရားသူကြီး ဂျူလီယန်ဂုစ်က ရူဒါကူဘာနာဟာ အနည်းဆုံး ထောင်ဒဏ် ၅၂ နှစ်ကျခံသင့်ပြီး တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သူ့အသက်က ၁၇ နှစ်ပဲရှိသေးတာကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လို့ မရခဲ့ပေမဲ့ သူ့ကို လွှတ်ပေးဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။
ယမန်နေ့က ပြုလုပ်တဲ့ ကြားနာမှုအတွင်းမှာ ရူဒါကူဘာနာက နေရမကောင်းဘူးလို့ နှစ်ကြိမ်အော်ဟစ်ခဲ့တာကြောင့် တရားရုံးဝက်ခြံထဲကနေ သူ့ကို ခေါ်ထုတ်သွားရပါတယ်။ သူ့ရဲ့ စီရင်ချက်ကို ကြားနာဖို့အတွက် တရားရုံးထဲ ပြန်သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။
တရားရုံးက အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ ရုပ်သံကိုလည်း အများသူငှာကြည့်ရှုနိုင်အောင်ပြသခဲ့ပြီး ရုပ်သံထဲမှာ အဆောက်အအုံထဲကနေ အော်ဟစ်ပြီး ပြေးထွက်လာတဲ့ မိန်းကလေးငယ်လေးတွေကို မြင်ရသလို မိန်းကလေးငယ်တစ်ဦးကတော့ ခန္ဓာကိုယ်မှာ သွေးချင်းချင်းနီနေပြီး အဆောက်အအုံ အပြင်ဘက်မှာ လဲကျနေတာကို တွေ့မြင်ရပြီးနောက်မှာတော့ တရားရုံးထဲ သက်ပြင်းချသံတွေ၊ ငိုရှိုက်သံတွေ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။
“သူ (ရူဒါကူဘာနာ) ကျွန်မတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာက ကျွန်မတို့က အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်နေလို့ပါပဲ၊ (ကျွန်မတို့က) ထိခိုက်လွယ်ပြီး (တိုက်ခိုက်ရ) လွယ်ကူတဲ့ သားကောင်တွေ မဟုတ်လား” လို့ လင်နီ လူးကပ်က တရားရုံးကို ပြောပါတယ်။
အသက် ၃၆ နှစ်အရွယ် လင်နီဟာ ကပွဲကို စီစဉ်တဲ့ ယောဂဆရာမဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ထိုးသွင်းဒဏ်ရာ ငါးချက်ရရှိခဲ့သူ ဖြစ်ပါတယ်။
နွေရာသီအားလပ်ရက် ကပွဲကို ကလေးငယ် ၂၆ ဦး ပါဝင်တက်ရောက်ခဲ့ပြီး အဲဒီထဲက ဘီဘီကင်း (ခြောက်နှစ်)၊ အယ်ဆီဒေါ့ စတန်ကွန်ဘီ (ခုနစ်နှစ်) နဲ့ အဲလစ်ဒါဆေးဗားအဂူရာ (ကိုးနှစ်) စတဲ့ မိန်းကလေးငယ်သုံးဦးက သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသူထဲက နှစ်ဦးဟာ အနည်းဆုံး ပြတ်ရှ ဒဏ်ရာ ၈၅ ချက်နဲ့ ၁၂၂ ချက်တို့ရရှိခဲ့ပြီး သူတို့ထဲကတစ်ယောက်ကို ရူဒါကူဘာနာက ခေါင်းဖြတ်ဖို့ကြိုးစားခဲ့တာ ထင်ရှားတယ်လို့ ဟီရာက ပြောပါတယ်။
ဖမ်းခံရပြီးတဲ့နောက်မှာ ရူဒါကူဘာနာက “ဒီကလေးတွေ သေသွားတာ ကျွန်တော် ဝမ်းသာတယ်။ အဲဒါက ကျွန်တော့်ကို ပျော်ရွှင်စေတယ်”လို့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောပါတယ်။
သူ့ရဲ့အိမ်က ကွန်ပျူတာထဲမှာတွေ့ရတဲ့ ဓာတ်ပုံတွေနဲ့ စာရွက်စာတမ်းတွေအရ သူဟာ အကြမ်းဖက်တာ၊ သတ်ဖြတ်တာနဲ့ လူမျိုးတုံးသတ်ဖြတ်တာတွေကို စွဲလမ်းနေတာ အတော်ကြာပြီလို့ ဟီရာက ပြောပါတယ်။
ရူဒါကူဘာနာက သူ့မှာ အယ်လ်ကိုင်ဒါလေ့ကျင့်ရေး လက်စွဲနဲ့ သေစေနိုင်လောက်တဲ့ အဆိပ်တစ်မျိုးကိုလည်း ထုတ်လုပ်ထားကြောင်း ဝန်ခံထားပါတယ်။ တရားသူကြီးတွေကတော့ အဲဒီ အဆိပ်ကို သူ့ဆယ်ကျော်သက်အရွယ်မှာပဲ အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရူဒါကူဘာနာအပေါ် သီးခြား နိုင်ငံရေး ဒါမှမဟုတ် ဘာသာရေးအယူဝါဒတွေ လွှမ်းမိုးလှုံဆော်တာမျိုး မတွေ့ရတာကြောင့် သူ့ရဲ့လုပ်ရပ်ဟာ လူသတ်မှုသာ ဖြစ်ပြီး အကြမ်းဖက်မှုအဖြစ် ယူဆလို့ မရနိုင်ဘူးလို့ ဟီရာက ဆိုပါတယ်။
သူ့ရဲ့ စက်ပစ္စည်းတွေထဲမှာ အစ္စလာမ်၊ ဂျူးနဲ့ ခရစ်ယာန် အပါအဝင် ဘာသာတရားတွေကို လှောင်ပြောင်သရော်ထားတဲ့ အရာတွေကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
“ဒါကို သီးခြားအကြမ်းဖက်မှု ဖြစ်ရပ်အနေနဲ့ ယူဆလိုက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီယူဆချက်အစား သက်သေတွေကတော့ တရားခံရဲ့ ရည်ရွယ်ချက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ဖို့ဆိုတာကို ညွှန်ပြနေကြပါတယ်” လို့ ဟီရာက ပြောပါတယ်။
ရူဒါကူဘာနာမှာ အော်တစ်ဇင်ရောဂါရှိနေတာကို တွေ့ရှိရပေမဲ့ သူ့ရဲ့ ရှေ့နေ စတန်ရိဇ်ကတော့ သူ့ဆီမှာ သူ့ရဲ့လုပ်ရပ်တွေကို အကြောင်းပြနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမျိုး မရှိကြောင်းနဲ့ သူ့ရဲ့ ဆိုးသွမ်းရက်စက်မှုကို အနည်းအကျဉ်းလောက်ပဲ သက်သာစေနိုင်မဲ့ ရောဂါလက္ခဏာ နည်းနည်းလေးပဲရှိတယ်လို့ ဆိုပါတယ်။
ရူဒါကူဘာနာဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း ကလေးတွေအတွက် အကူအညီပေးတဲ့ ဖုန်းလိုင်းတစ်ခုကို ဆက်သွယ်ပြီး “တစ်ယောက်ယောက်ကို သတ်ချင်ရင် ကျွန်တော်ဘာလုပ်သင့်လဲ” လို့ မေးမြန်းဖူးတယ်လို့ ဟီရာက ပြောပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ သူဟာ စာသင်ကျောင်းကို ဓား ၁၀ ကြိမ်အထိ ယူဆောင်လာတာကြောင့် စာသင်ကျောင်းကထုတ်ခံရကြောင်းနဲ့ ဟော်ကီတုတ်ကိုင်ထားတဲ့ ကျောင်းသားတစ်ဦးကို တိုက်ခိုက်ပြီး ပြန်လာစဉ်မှာ ကျောပိုးအိတ်ထဲမှာ ဓားတစ်ချောင်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ဟီရာက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းထဲက အဆိုးရွားဆုံး အခိုက်အတန့်ကြီးတစ်ခု ပြီးဆုံးသွားပြီးနောက်မှာ အပြစ်မဲ့တဲ့ မိန်းကလေးငယ်လေးတွေနဲ့ ထိခိုက်ခံစားရတဲ့သူတွေ အားလုံးအပေါ်မှာ ကျွန်တော်တို့တွေ လုပ်ဆောင်ပေးရမဲ့ ဝတ္တရားတွေ ရှိနေပြီး သူတို့နဲ့ ထိုက်တန်တဲ့ အရာတွေကို ပေးဆောင်သွားရမှာပါ” လို့ စတာမာက ပြောပါတယ်။
ဓာတ်ပုံ – Merseyside Police
ပုံစာ – တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ ဘီဘီကင်း (ခြောက်နှစ်)၊ အယ်ဆီဒေါ့ စတန်ကွန်ဘီ (ခုနစ်နှစ်) နဲ့ အဲလစ်ဒါဆေးဗားအဂူရာ (ကိုးနှစ်) တို့ သုံးဦးနဲ့ ပြစ်မှုကျူးလွန်သူ အက်ဇဲလ်ရူဒါကူဘာနာ
ကိုးကား- Reuters