စစ်သုံ့ပန်းတွေကို သတ်ဖြတ်ခဲ့မှု AA ဝန်ခံ၊ နောက် ထပ်မဖြစ်အောင် ထိန်းကျောင်းလုပ်ဆောင်မယ်လို့ဆို

Author သုတ
Categories
Published on Jan 24, 2025

ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဟုတ်မှန်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက CJ Platform ကို အတည်ပြုပြောပါတယ်။

 

AA တပ်ဖွဲ့ဝင်တွေ စစ်ရာဇမှုကျူးလွန်နေတဲ့ ရုပ်သံမှတ်တမ်းနှစ်ခုကို ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ပြီးခဲ့တဲ့ ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီနဲ့ ဒီနှစ် ဒီဇင်ဘာလအတွင်း လက်ခံရရှိခဲ့တယ်လို့ ယမန်နေ့က ထုတ်ပြန်လာပါတယ်။

 

အဲဒီနောက် ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းချိန် အခုလို ဝန်ခံပြောကြားလာတာဖြစ်ပါတယ်။

 

ဒီကျူးလွန်မှုကို ကျောက်တော်အခြေစိုက် စကခ-၉ ဌာနချုပ်ကို ထိုးစစ်ဆင်သိမ်းပိုက်ချိန်အတွင်း အောက်ခြေတပ်သားတွေက စစ်စည်းကမ်းချိုးဖောက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

“သူတို့ မိသားစုဝင်တွေကို မတရားဖမ်းဆီးသတ်ဖြတ်ထားတဲ့ မြန်မာအကြမ်းဖက်စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ ဒေသခံပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

 

သတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ အောက်ခြေတပ်မှူးတချို့နဲ့ ပါဝင်သူအားလုံးကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးထားပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“တိုက်ပွဲကာလ ဆယ်နှစ်လောက်အတွင်းမှာ ဒီလိုဖြစ်စဉ်တွေ တစ်ခါတလေ ပေါ်ပေါက်ခဲ့တာရှိပါတယ်။ ဒီဟာတွေအတွက်လည်း ထိထိရောက်ရောက် အပြစ်ပေးအရေးယူထားပြီးဖြစ်ပါတယ်။ တချို့ကိစ္စတွေကတော့ ရန်သူ့ဘက်က အကွက်ကျကျ ဖန်တီးတဲ့ လုပ်ဇာတ်တွေများပါတယ်။ အာရက္ခတပ်တော်အနေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေးကျင့်ဝတ်တွေကို လိုက်နာဖို့အတွက် သင်တန်းမှာကတည်းက စနစ်တကျပို့ချထားတာရှိသလို စစ်မြေပြင်မှာလည်းပဲ လိုက်နာလုပ်ဆောင်ဖို့ကို အတိအကျ ညွှန်ကြားထားတာရှိပါတယ်။ အကောင်းဆုံးလည်းလိုက်နာဆောင်ရွက်လျက်ရှိပါတယ်” လို့ သူက ရှင်းလင်းပြောကြားပါတယ်။

 

AA တပ်ဖွဲ့ဝင်တချို့က စစ်ကောင်စီတပ်သားတွေကို သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းပေါ် ပျံ့နှံလာခဲ့တာဖြစ်ပါတယ်။  အဲဒီနောက် Fortify Right ဆီရောက်ရှိခဲ့ပြီးနောက် သူတို့က စစ်မှန်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်မှာပဲ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေနဲ့ ရခိုင်ပြည်အတွင်းမှာ AA အနေနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

 

 

Fortify Rights ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ”ဒီကိစ္စတစ်ခုတည်းကို ကြည့်ပြီး ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးပြီးတော့ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတာကို မမေ့ဖို့လိုပါတယ်။ မြင်အောင်ကြည့်ဖို့လည်း လိုပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့လုံးဝဆန့်ကျင်ပါတယ်။ ဒီလိုမျိုး ဥပဒေမဲ့လုပ်ရပ်မျိုးကို ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ကျူးလွန်သူဟူသမျှကိုလည်း အရေးယူအပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးကိစ္စမျိုး နောက်ထပ်မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” လို့ တုံ့ပြန်ပြောဆိုပါတယ်။

 

ဓာတ်ပုံ – Fortify Rights

 

ပုံစာ – လူမှုကွန်ရက်ပေါ်ကို ပေါက်ကြားလာတဲ့ အေအေတပ်သားအချို့ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုကို တွေ့ရစဉ်