မအူပင်မှာ စစ်မှုထမ်းမလိုက်လိုပါက တစ်ရွာ သိန်း ၆၀ ခန့်အထိ အုပ်ချုပ်ရေးမှူးထံ ပေးရ

Author လဂွန်းအိမ်
Categories
Published on Jul 23, 2024

တော်လှန်ရေးအင်အားစုတွေအားနည်းတဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းမလိုက်လိုပါက ရွာတစ်ရွာကို ကျပ်သိန်း ၅၀ မှ ၆၀ ခန့်အထိ တောင်းယူနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

တော်တလုပ်ကျေးရွာအုပ်စုတွင် ရွာငယ် ၁၄ ခုရှိပြီး စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းမလိုက်လိုပါက ကျေးရွာအုပ်ချုပ်ရေးမှူးများ တောင်းခံတဲ့ ငွေကြေးပမာဏအတိုင်းပေးနေရတယ်လို့ ဆိုပါတယ်။

 

“အိမ်ခြေများတဲ့ရွာတွေကတော့ (တစ်အိမ်)သောင်းဂဏန်းလောက်ပဲပေးရပေမဲ့ အိမ်ခြေနည်းတဲ့ရွာတွေကတော့ (တစ်အိမ်)တစ်သိန်းကျော်လောက်ပေးရတာတွေရှိတယ်” လို့ စစ်မှုထမ်းအသက်အရွယ်ရှိသူ ဒေသခံလူငယ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အိမ်ခြေများတဲ့ကျေးရွာတွေမှာတော့ စစ်မှုထမ်းမယ့်အသက်အရွယ်မျိုး မရှိပါက တစ်အိမ်လျှင် နှစ်သောင်းကျပ်ပေးရပြီး စစ်မှုထမ်းအသက်အရွယ် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အိမ်များမှာ နှစ်ဆပမာဏဖြစ်တဲ့ တစ်အိမ်လျှင် ကျပ်လေးသောင်းအထိကောက်ခံတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

တော်တလုပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလိုတဲ့ လူငယ်တချို့ကို စုဆောင်းထားကာ စစ်မှုမထမ်းလိုတဲ့ ကျေးရွာတွေကို အခုလို ငွေကြေးကောက်ခံတာလို့ ဒေသခံတွေက ဆိုပါတယ်။

 

စစ်မှုထမ်းလိုသူ လူငယ်အရည်အတွက်ပေါ်မူတည်ပြီး လအနည်းငယ်ကြာတဲ့အထိ ထပ်မံကောက်ခံသွားမှာ မဟုတ်ဘူးလို့လည်း ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်အသိုင်းအဝိုင်းက ပြောတဲ့အကြောင်း ဒေသခံတွေက CJ Platform သို့ ပြောပါတယ်။

 

လက်ရှိ တော်တလုပ်ကျေးရွာအုပ်စုရှိ ကျေးရွာအများစုမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားနေရခြင်းကြောင့် အဆင်မပြေမှုများကြားမှ အဲဒီလို ငွေကြေးကောက်ခံနေဆဲမလို့ ပေးနေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ဆိုပါတယ်။

 

“ဘယ်တတ်နိုင်မလဲ။ သူတို့ခေတ်ပဲလေ ပေးရတာပေါ့။ ကိုယ်မှ စစ်မှုမထမ်းနိုင်တာ။ ရေကြီးလို့ အိမ်တောင်ဆင့်ထိုးနေရတာ ဘယ်အဆင်မပြေလိုက်လဲ။ ဒီလို မပြေလည်း ပေးရတာပဲ” လို့ ၎င်းက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအုပ်စုတစ်ခုလျှင် နှစ်ဦးမှ သုံးဦးအထိ ခွဲတမ်းပေးရတာပါ။

 

တော်တလုပ်အုပ်စုလိုပဲ တခြားကျေးရွာအုပ်စုတွေမှာလည်း ဒီလို ငွေကြေးကောက်ခံတာတွေရှိနေပေမဲ့ ပမာဏ မတူကြဘူးလို့ CJ Platform က သိရပါတယ်။

စစ်ကောင်စီက စစ်သားစုဆောင်းရာမှာ စစ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လာဘ်စားတာ၊ မလျော်ဩဇာသုံးပြီး ခြိမ်းခြောက်တာတွေအပြင် ဥပဒေကို လက်နက်တစ်ခုသဖွယ် အသုံးချနေတာတွေလည်း ရှိနေတာပါ။

 

စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း ပါဝင်သူတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေမှာ သုံးလကြာ သင်တန်းပေးပြီးနောက် သင်တန်းဆင်းပါက မိမိတို့ရပ်ရွာမှာ ပြန်လည်တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုထားပေမဲ့ လက်တွေ့မှာတော့ အပတ်စဉ်(၁)က သင်တန်းဆင်းသူတွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေထဲ ပို့ဆောင်နေတယ်လို့ မိသားစုဝင်တချို့ဆီက သိရပါတယ်။

 

ဒါကြောင့် စစ်ကောင်စီအောက် စစ်မှုမထမ်းလိုတဲ့ လူငယ်လူရွယ်တွေဟာ မိမိနေရပ်ကို စွန့်ခွာပြီး ပြည်တွင်းထဲ တိမ်းရှောင်နေကြသလို ပြည်ပထွက်ခွာသူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်သူတွေလည်း အများအပြားရှိနေကြပါတယ်။

 

ဓာတ်ပုံ – Pro SAC

 

#CJPlatform #မအူပင်မြို့ #စစ်မှုထမ်းဥပဒေ