ပန်းတနော်၊ ကန္နားစုရွာမှာ မြေပြိုမှုအပြင် ရေကြီးပြီး တာကျိုး


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကန္နားစုကျေးရွာမှာ ရေကြီးမြေပြိုတာတွေဖြစ်ပေါ်နေတဲ့အပြင် မြစ်ရေကျော်လို့ ရွာတာလမ်းလည်း ယမန်နေ့ ဇူလိုင် ၂၂ ရက်မှာ ကျိုးသွားပြီဖြစ်တယ်လို့ ဒေသခံများက CJ Platform သို့ ပြောပါတယ်။

ဘဝိုင်းကျေးရွာအုပ်စု၊ ကန္နားစုရွာခံတွေဟာ မြစ်ရေမကြီးခင်ကတည်းက မြေပြိုတာတွေကြောင့် ပြောင်းရွှေ့နေရတာတွေရှိနေပြီး အခုမြစ်ရေတက်လာချိန် လူနေအိမ်တွေထိ မြေပြိုမှုတွေလည်း ဆက်ဖြစ်နေသေးတဲ့အတွက် ထပ်မံပြောင်းရွှေ့နေရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ရေတက်နေလည်းပြိုတယ်။ အပင်တွေမရှိတော့ ရှင်းရှင်းသိရပါတယ်။ ကမ်းပြိုသွားတဲ့နေရာတွေက လင်းနေရော၊ ရေမြုပ်နေလည်း ပြိုနေတာသိရတယ်” လို့ ကန္နားစုကျေးရွာက အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့ ကန္နားစုက နေအိမ်တချို့မှာ ရေဝင်လို့ ဆင့်ထိုးနေရတာတွေရှိပြီး ကျေးရွာလမ်းရဲ့ ‘တာ’ ရေကျော်ကျမှုကို ရွာခံတွေစုပေါင်းပြုပြင်ကြပေမဲ့ ကျိုးပေါက်သွားရတာဖြစ်တယ်လို့ သိရပါတယ်။

“ငွေတတ်နိုင်တဲ့သူက ငွေအင်အားနဲ့ ကူကြပါတယ်။ လုပ်အားတတ်နိုင်သူတွေကတော့ သဲအိတ်တွေနဲ့ဖို့ပြီး ကာကွယ်ကြပါသေးတယ်။ ရေကများပြီး စီးနေတော့ မရဘူး။ ရွာတာလမ်းက ကျိုးသွားပါပြီ” လို့ အဲဒီရွာခံ နောက်တစ်ဦးက CJ Platform ကို ပြောပါတယ်။

ကန္နားစုကျေးရွာမှာ ရန်ကုန်-ပုသိမ်ကားလမ်းမအနီးမှာတည်ရှိပြီး ကွမ်းခြံလုပ်ငန်း အများစုလုပ်ကိုင်ကြကာ မြစ်ရေကြီးတာကြောင့် ကွမ်းခြံတွေရေမြုပ်ဆုံးရှုံးရတဲ့အပြင် နေ့စားလုပ်ကိုင်ကြသူတွေလည်း စားဝတ်နေရေးခက်ခဲနေပြီး ရေကြီးမှုဒဏ်ကြောင့် ပိုးမွှားအန္တရာယ် ဝမ်းပျက်ဝမ်းလျှောအန္တရာယ်တွေအပြင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟာ ညောင်တုန်း၊ ဇလွန်၊ ဓနုဖြူနဲ့ ငါးသိုင်းချောင်းမြို့တို့ကို ဇူလိုင် ၂၀ ရက်နေ့က သွားရောက်ခဲ့ပေမဲ့ ပန်းတနော်မြို့နယ်ကိုတော့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်က ဇူလိုင် ၁၉ ရက်နေ့မှာ အဲဒီရွာဘေးက လက်ပန်တန်းကျေးရွာကိုရောက်ရှိခဲ့ပေမဲ့ ရေဘေးသင့်ပြည်သူတွေကို ဘာအကူအညီမှ မပေးခဲ့ဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ