ဘာသာစုံဂုဏ်ထူးရကျောင်းသား/သူ ၅၀၀ ကျော်ကို နိုင်ငံတော်အဆင့် ပထမဆုံး ရွှေငါးမူးသား ဒင်္ဂါးပြားများ စစ်ခေါင်းဆောင်ချီးမြှင့် ကျောင်းသား ၃၀ ကို ပြည်ပလေ့လာရေးလွှတ်မယ်

Author အကြင်နာ
Categories
Published on Jul 23, 2024

စစ်အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့သူများကို နိုင်ငံတော်အဆင့် ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်တယ်လို့ ပူပူနွေးနွေးယာယီသမ္မတ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

အရင် ထူးချွန်ကျောင်းသား/သူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်များနဲ့ ဦးစီးဌာနအဆင့်ကပဲ ချီးမြှင့်ခဲ့ရာကနေ ဒီနှစ်မှာ တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူများကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

“အဲဒီထဲက ဘာသာစုံဂုဏ်ထူးရှင် ၅၀၇ ဦးကို ရွှေစင် ငါးမူးသား ဒင်္ဂါးပြားများနဲ့ ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးမယ်” လို့ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌက ပြောပါတယ်။

 

ဒါကြောင့် ဒီကနေ့ ဇူလိုင် ၂၃ ရက်မနက်ပိုင်း ပြင်ပပေါက်ဈေးမှာ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၅၉ သိန်းဖြစ်လို့ ကျောင်းသားတစ်ဦးလျှင် ကျပ် ၂၉ သိန်း ငါးသောင်းကျပ်ရရှိစေမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၂၂ ခုနှစ်ကစလို့ ထူးချွန်သူတွေကို ပြည်တွင်းသာမက ပြည်ပလေ့လာရေးခရီးစဉ်များကိုပါစေလွှတ်ခဲ့သလို ယခုနှစ်မှာလည်း စေလွှတ်ဖို့စီစဉ်နေတယ်လို့ စစ်တပ်နဲ့ သူဖွဲ့တဲ့အစိုးရအဖွဲ့မှာ အထွဋ်အထိပ်ရာထူးတွေ ကိုယ့်ဘာသာယူထားသူက ပြောပါတယ်။

 

“ဒီနှစ်မှာလည်း တက္ကသိုလ်ဝင်စာမေးပွဲဘာသာတွဲအလိုက် ရမှတ်အများဆုံး ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၃၀ ကို ပြည်ပနိုင်ငံများသို့လေ့လာရေးခရီး သွားရောက်နိုင်ဖို့ စီစဉ်နေတယ်” လို့ ၎င်းက ပြောပါတယ်။

 

ကျောင်းသား/သူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ် တက်ရောက်ကြစေလိုတယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းသလို မိမိအတွက်၊ မိသားစုအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်ဖို့လည်း မှာကြားလိုတယ်လို့ ပြောသွားပါတယ်။

 

စစ်ကောင်စီကြောင့် လူငယ်လူရွယ်တွေ ပြည်ပထွက်အောက်ခြေသိမ်းအလုပ်လုပ်နေရချိန် “ပြည့်အင်အားဟာ ပြည်တွင်းမှာသာရှိသည်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပြန်ပါတယ်။

 

အာဏာသိမ်း စစ်ကောင်စီအလိုကျ အာဏာသိမ်းကာလကို (၆) လတစ်ကြိမ် လက်မှတ်ထိုး ပေးနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းတာကြောင့် အာဏာသိမ်းကာလကို ထပ်မံ သက်တမ်းတိုးလိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် နေရာယူလိုက်ကြောင်း စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၂၂ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဦးမြင့်ဆွေ ဆေးကုသမှုခံယူနေချိန်တွင်း လစ်ဟင်းနေတဲ့ ယာယီသမ္မတတာဝန်ဝတ္တရားတွေကို ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံ လွှဲအပ်တယ်လို့ ဖော်ပြထားပါတယ်။

 

 

ဓာတ်ပုံ – Pro SAC