မိုးကုတ်အရှေ့ပိုင်း စခန်းနှစ်ခုသိမ်းပွဲ စစ်ကောင်စီဘက် ၂၀ ဦးသေဆုံး

Author လဂွန်းအိမ်
Categories
Published on Jul 23, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေဟာ အရှေ့ပိုင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

 

TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ)ပူးပေါင်းတပ်ဖွဲ့တို့ဟာ မိုးကုတ်အရှေ့ပိုင်းရှိ ပန်းမထိတ်ကျေးရွာအနီးရှိ တပ်စခန်းနဲ့ အကျဉ်းထောင်ထဲက စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီ အလောင်း ၂၀ ကိုရှင်းလင်းခဲ့ရတဲ့အပြင် လက်နက်ငယ် ငါးလက်၊ ဒရုန်းတစ်စင်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ PSLF/TNLA ထံမှ သိရပါတယ်။

 

TNLA အနေနဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း လေးရက်တာအပစ်ရပ်ပြီးနောက် နောက်ထပ် အပစ်ရပ်ရန် ဗဟိုညွှန်ကြားချက် တစ်စုံတစ်ရာမရှိသေးပေမဲ့ တစ်ချိန်တည်းမှာပဲ တရုတ်အစိုးရရဲ့ ဖိအားကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

 

“အပစ်ရပ်တာနဲ့ပတ်သက်ပြီး ဗဟိုညွှန်ကြားတာမရှိသေးဘူး။ လက်ရှိတိုက်ပွဲပြင်းထန်နေတယ်။ တရုတ်အစိုးရလည်း ဖိအားပေးနေပါတယ်” လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက CJ Platform ကို ဇူလိုင် ၂၁ ရက်နေ့က ဖြေကြားထားပါတယ်။

တရုတ်အစိုးရက ဘယ်လိုဖိအားပေးတာလဲဆိုတဲ့ CJ Platform မေးခွန်းကိုတော့ TNLA ဘက်က ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

 

ကိုးကန့်တပ် MNDAA ကတော့ ဇူလိုင်လကုန်အထိ တစ်ဖက်သတ်အပစ်ရပ်သက်တမ်း ထပ်တိုးတယ်လို့ ဇူလိုင် ၂၀ ရက်က ကြေညာထားပါတယ်။

 

ဒါပေမဲ့ ကိုးကန့်တပ်တွေ နေရာယူထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့မှာ ယမန်နေ့ကအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

 

PSLF/TNLA ရဲ့ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်ထဲ ၎င်းတို့သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် တဲခေါ်ကျေးရွာရှိ စစ်ကောင်စီတပ်ခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်မဲမြို့နယ်က အေးရှားဝေါဂိတ်နဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းတို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လိုက်လံရှင်းလင်းနေတယ်လို့ ဆိုထားပါတယ်။

 

 

ဓာတ်ပုံ – PSLF/ TNLA