စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် စဉ့်ကူးမြို့ခံတွေကို ကာကွယ်ရေးတပ်များ ပေးမဝင်သေး တော်လှန်ရေးအင်အားစုများ မြို့ကို ဆက်ထိန်းချုပ်ထား

Published on Jul 23, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သိမ်းထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ရှောင်တွေ မြို့တွင်း ပြန်ဝင်လာကြပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ရှိနေတာကြောင့် တော်လှန်ရေးရဲဘော်များဘက်က ပေးမဝင်သေးဘူးလို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

မြေပြင်မှာ တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ စဉ့်ကူးမြို့သိမ်းလိုက်ပြီလို့ မန်း PDF က ကြေညာလိုက်ပြီးနောက် လေကြောင်းနဲ့ လက်နက်ကြီးတို့ကို အလွန်အကျွံပစ်ခတ်နေတယ်လို့ အဲဒီဒေသခံတွေက ဆိုပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ စစ်ကိုင်းတိုင်းဘက်က သင်္ဘော ငါးစီးခန့်နဲ့ ဆင်းလာပြီး ပစ်ခတ်တာမျိုးတွေအထိလုပ်ဆောင်ခဲ့တယ်လို့ စဉ့်ကူးဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စစ်ကိုင်းကနေတက်လာတာ သင်္ဘောက ငါးစီးနဲ့ ပစ်နေတာတွေကြားနေရတာပဲ။ ကျွန်တော်တို့ကတော့ ပြန်ဝင်ဖို့လုပ်တာ ပေးမဝင်သေးဘူး။ လေယာဉ်တွေက နေ့တိုင်းလာပစ်နေတာမလို့ မလုံခြုံသေးဘူးဆိုပြီး ပေးမဝင်ဘူး။ ပြန်ဝင်လို့ရရင် ပြောမယ်လို့ တော်လှန်ရေးဘက်ကလူတွေက ပြောတယ်” လို့ ၎င်းက ပြောပါတယ်။

 

Mdy-PDF က စဉ့်ကူးမြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းမှာကြေညာခဲ့ပြီးနောက် စစ်ကောင်စီဘက်က အဲဒီနေ့ ညနေပိုင်းမှာ သူတို့ ပြန်ထိန်းချုပ်လိုက်ပြီလို့ ပြန်ကြေညာခဲ့ပါတယ်။

 

စစ်ကောင်စီကြေညာချက်နဲ့ပတ်သက်ပြီး စစ်ရေးသတင်းသိရှိသူ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ သတင်းမှားလို့ အခိုင်အမာပြောပါတယ်။

 

“မသိမ်းပါဘူး။ ရဲစခန်းနားတက်လာပြီး အလံလာထောင်တာ။ သူတို့လည်း ဂျင်းလာထည့်တာပေါ့။ သိမ်းတယ်ကြေညာပြီးကတည်းက စကစက သင်္ဘောတွေနဲ့ ဝင်ပစ်နေတာ” လို့ ၎င်းက ပြောပါတယ်။

 

ယမန်နေ့ ဇူလိုင် ၂၂ ရက်မှာတော့ လေယာဉ်ပစ်တာမျိုးတွေမရှိဘဲ မြေပြင်မှာ ငြိမ်သက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

MDY-PDF နဲ့ မဟာမိတ်တွေဟာ သပိတ်ကျင်းခရိုင်ထဲက စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းဆည်းနိုင်လိုက်ပြီးနောက် အနီးရှိ သပိတ်ကျင်းမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

စဉ့်ကူးမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံ အများအပြားကိုချေမှုန်းနိုင်ခဲ့သလို စစ်သုံ့ပန်း ၁၀၀ ကျော်၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်အမြောက်အမြား တော်လှန်ရေးအင်အားစုတွေဘက်က ရရှိခဲ့ကြပါတယ်။

 

ဓာတ်ပုံ – Mdy-PDF