တောင်ကုတ်မှာ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီး ငွေညှစ်နေ

Author စကားဝါ
Categories
Published on Jun 23, 2024

ရခိုင်ပြည် တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။

 

တောင်ကုတ်မြို့အနီးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေဟာ ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်မှုတွေ အနည်းနည်းရပ်တန့်သွားတာကြောင့် နေရပ်ကို ပြန်လာစဉ်မှာ အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

 

“ဟွန်ဒါ(စက်လှေငယ်)လေးတွေနဲ့ ကျွန်းတွေကိုစစ်ရှောင်သွားပြီး ပြန်လာတဲ့ ပြည်သူတွေကို အုန်းတောချောင်းဆိပ်မှာ သေနတ်နဲ့စ်ပြးဖမ်းတာ နတ်မော်ရွာက ပြည်သူ ခုနစ်ဦးပါတယ် စုစုပေါင်း ၂၀ကျော်တယ် ပြည်သူတွေရဲ့ ဆန်အိတ်တွေ စက်လှေတွေ ပိုက်ဆံ သိန်း၈၀ကျော်ပါ သိမ်းသွားတယ်”လို့ CJ Platform ရဲ့  Citizen Journalist ကပြောပါတယ်။

 

စစ်ကောင်စီက အဲ့ဒီလို ဖမ်းဆီးရာမှာ စစ်ဘေးရှောင်တွေကို သွားရောက် ခေါ်ယူပေးတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ ကားအငှါးလိုက်ပါသူတွေကိုပါ ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

 

“ကိုင်းရှည်တံတားမှာဆိုလည်း ငါးတွေပုဇွန်တွေ သယ်တဲ့ သုံးဘီးဆိုင်ကယ်ပါ မချန်ဘူး အကုန်ဖမ်းတာ ပြီးရင် သူတို့က ငါးတွေပုဇွန်တွေကို ယူထားလိုက်ရော၊ လူတွေက မရှိပါဘူးဆိုမှ သူတို့က အတင်းကို လုယက်နေကြတာ”လို့ သူက ဆက်ပြောပါတယ်။

 

ရခိုင်ပြည်အတွင်းမှာ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ကောင်စီက သူတို့ တပ်စခန်းရှိရာ မြို့တွေမှာ ပြည်သူတွေကို ဖိနှိပ်မှုတွေ ဖြတ်လေးဖြတ် လုပ်ဆောင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။