စစ်ကောင်စီက ဧရာဝတီတိုင်းရှိ ဆန်စက်ပိုင်ရှင်တွေကို ဖမ်းဆီးပြီး ဆန်အိတ်တစ်ရာတောင်း

Author ပြည်စိုး
Categories
Published on Jun 23, 2024

ဆန်စျေးနှုန်းတွေ မြင့်တက်နေတာကို အကြောင်းပြကာ စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းက ဆန်စက်ပိုင်ရှင်တွေကို ဖမ်းဆီးပြီး ဆန်စက်တစ်စက်ကို ဆန်အိတ်တစ်ရာစီပေးရမယ်လို့ အဓမ္မတောင်းခံကြောင်း ဆန်စက်ပိုင်ရှင်တွေက ပြောပါတယ်။

 

စစ်ကောင်စီဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ဦးအပါအဝင် ဆန်ကုန်သည်တွေကို ဆန်းဈေးမထိန်းချုပ်နိုင်လို့ဆိုပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

 

အခုလို ဖမ်းဆီးစစ်ဆေးတာဟာ ဆန်လောက အသိုင်းအဝန်းရဲ့ ထိပ်ပိုင်းကုန်သည်တွေ စက်ပိုင်တွေသာ မကဘဲ နယ်မြို့တွေက ဆန်လုပ်ငန်းရှင်တွေ ဆန်စက်ကုန်သည်တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

 

“တိုင်းအနေနဲ့ပဲပြောပြမယ် မနေ့က ဆန်လုပ်ငန်းရှင် ၁၅ဦးလောက် ဖမ်းခံရတယ်၊ ပြီးတော့ ဆန်စက်ပိုင်ရှင်တွေကို ဆန်စက်တစ်စက်ကို ဆန်အိတ်တစ်ရာပေးရမယ်လို့ ပြောတယ်၊ ပိုက်ဆံပေးပြီး ဝယ်မှာ မဟုတ်ဘူး တပ်အတွက် ရိက္ခာအဖြစ် ပေးရမှာ၊ ဒီကောင်တွေ ငတ်နေပြီလေ”လို့ ဧရာဝတီတိုင်းအတွင်းက ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက ဆန်အိတ်တစ်ရာ တောင်းယူတာမှာ ဘယ်ဆန်အမျိုးအစားဆိုတာ မပါဝင်သလို နိုင်ငံတော်အနေနဲ့ ဆန်စျေးနှုန်း ကျဆင်းရေးအတွက် လုပ်ဆောင်ဖို့အတွက် တောင်းယူတာဖြစ်တယ်လို့သာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

“သူတို့က အရန်ဆန်ဝယ်ဖို့လည်း မဟုတ်ဘူး၊ ပိုက်ဆံမပေးဘူး ဒီအတိုင်းတောင်းတာ၊ သူတို့ပြောတာတော့ ပြည်သူတွေ စျေးသက်သက်သာသာနဲ့ ဝယ်စားနိုင်ဖို့တဲ့ တကယ်က အေးဓားပြတိုက်တာပါပဲ”လို့ အဆိုပါ ဆန်စက်ပိုင်ရှင်က ဆက်ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူထု အဓိကစားသုံးကုန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်နဲ့ ကုန်စည်တွေအားလုံး သုံးဆကနေ လေးဆအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

 

ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း ဈေးနှုန်းတွေမြင့်တက်လာပါက လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေဆဲပဲဖြစ်ပါတယ်။

ဒါပေမဲ့ ယင်းမှာ အဖြေမှန်မဟုတ်ဘဲ မှားယွင်းတဲ့လုပ်ဆောင်ချက်တစ်ခုသာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

 

ပြီးခဲ့တဲ့မေလနှောင်းပိုင်းထဲ ပြည်တွင်းရွှေတစ်ကျပ်သား သိန်း ၆၀ နီးပါးနဲ့ အမေရိကန်တစ်ဒေါ်လာ ၆၀၀၀ နီးပါးအထိမြင့်တက်ခဲ့သလို တခြားနိုင်ငံခြားငွေဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်ခဲ့ပါတယ်။

 

အဲဒီကာလတုန်းကလည်း အထင်ကရ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့လို့ ထွက်ပြေးတဲ့ ရွှေလုပ်ငန်းရှင် ဆယ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့သလို ရွှေလုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

 

ဒါ့အပြင် တရားဝင်နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေအပါအဝင် ဟွန်ဒီလုပ်ငန်းလုပ်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့သလို ဥပဒေအရ အရေးယူမယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။