“ဒီတစ်ပတ် ကမ္ဘာကြီးဘာထူးလဲ”(ဇွန် ၁၆ မှ ၂၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jun 22, 2024

ဒီတစ်ပတ်(ဇွန် ၁၆ မှ ၂၂ ရက်အထိ)အတွင်း ကမ္ဘာ့မီဒီယာတွေထက်ရေပန်းစားခဲ့တာကတော့ ပူတင်ရဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်ခရီးစဉ်သတင်းတွေပါ။ ဒါ့အပြင် “ဘိုင်ဒန်ထက် မဲဆွယ်စရိတ်ပိုရထားတဲ့ ထရမ့်” ဆိုတဲ့သတင်း၊ ဘရာဇီးလ်မှာ ကိုယ်ဝန်ဖျက်ချခွင့်ရရေး ဆန္ဒပြမှုတွေဖြစ်ပေါ်နေတဲ့သတင်း၊ ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အတွင်း သေဆုံးသူ ရာနဲ့ချီရှိတဲ့သတင်း၊ တရုတ်ရဲ့ ရာသီဥတုကျိန်စာဆိုတဲ့ တရုတ်တောင်ပိုင်းမှာ ရေကြီးမြေပြိုမှုကြောင့် လူတွေသေဆုံးရတဲ့သတင်းတွေနဲ့အတူ ထူးခြားသတင်းတွေကို ဒီတစ်ပတ်ရဲ့ CJ Platform အပတ်စဉ်အနှစ်ချုပ်သတင်းတွေအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

****************************************

 

“ပူတင်ရဲ့ အထီးမကျန်ကြောင်း သက်သေပြတဲ့ ခရီးစဉ်များ”

 

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ကမ္ဘာ့နိုင်ငံအတော်များများက ဖယ်ကျဉ်လိုက်ကြပါတယ်။ တရားဝင်အဖွဲ့အစည်းကြီးတွေကနေ ဖယ်ရှားတာကအစ ဥရောပအားကစားပွဲတော်တွေမှာ ရုရှားအသင်းကို မပါဝင်စေတာကအဆုံး အမျိုးမျိုး ဖယ်ထုတ်နေကြတာပါ။

 

အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေက အဲဒီလိုလုပ်နေပေမဲ့ သူဟာ အထီးကျန်မနေကြောင်း မစ္စတာ ပူတင်က ဇွန် ၁၉ မှာ သက်သေထူလိုက်ပါတယ်။

 

ဒါကတော့ သူ့ရဲ့ မဟာမိတ်ဟောင်းတွေကနေ အသစ်တွေပြန်ဖြစ်လာတဲ့ အရှေ့အာရှက မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ပဲဖြစ်ပါတယ်။

 

ဇွန် ၁၉ ကစတဲ့ ပူတင်ရဲ့ အရှေ့အာရှ ခရီးစဉ်ဟာ ဇွန် ၂၂ မှာ အဆုံးသတ်ခဲ့ပါတယ်။

အဲဒီခရီးစဉ်တွေထဲ မြောက်ကိုရီးယားကို အရင်ဆုံး ဝင်ရောက်ခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ကော်ဇောနီနဲ့ ဆီးကြိုခဲ့ပါတယ်။ ဗီယက်နမ် သမ္မတကလည်း အလားတူ ကြိုဆိုခဲ့ပါတယ်။

 

မြောက်ကိုရီးယားခရီးစဉ်ထဲ နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်ရေးထိုးနိုင်ခဲ့သလို ဗီယက်နမ်ခရီးစဉ်မှာလည်း ပိုမိုခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံရောက်နေချိန် NATO နဲ့ တောင်ကိုရီးယားတို့ကို သတိပေးပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

 

မစ္စတာ ပူတင်ဟာ မြောက်ကိုရီးယားကို ၂၄ နှစ်အတွင်း၊ ဗီယက်နမ်ကို ခုနစ်နှစ်အတွင်း ပထမဆုံးပြန်လည် လည်ပတ်တာဖြစ်ပါတယ်။

 

သူဟာ မြောက်ကိုရီးယားမှာ ဇွန် ၁၉၊ ၂၀ နဲ့နှစ်ရက်တာ၊ ဗီယက်နမ်မှာ ဇွန် ၂၀ နဲ့ ၂၁ နှစ်ရက်တာ လည်ပတ်ခဲ့ပြီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ဆွေးနွေးမှုရလဒ်တွေကတော့ ထွက်ရှိလာခြင်းမရှိသေးပါဘူး။

****************************************

 

“ဘိုင်ဒန်ထက် မဲဆွယ်စရိတ်ပိုရထားတဲ့ ထရမ့်”

 

ဒီနှစ်ထဲ ပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကမ္ဘာတဝှမ်းလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတာပါ။ အဲဒီမှာ အဓိကပြိုင်ဘက် နှစ်ပါတီက သမ္မတလောင်းတွေအဖြစ် တစ်ပြေးနေတဲ့ လက်ရှိသမ္မတ ဘိုင်ဒန်နဲ့ သမ္မတဟောင်း ထရမ့်တို့ကို ပိုမိုစောင့်ကြည့်နေကြပါတယ်။

အခုကာလဟာ အမေရိကန်သမ္မတဖြစ်ခွင့်ရရေး မဲဆွယ်ကာလဖြစ်တဲ့အလျောက် နှစ်ယောက်လုံးက ခွန်အားရှိသလောက် မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်နေကြပါတယ်။ မဲဆွယ်ရေးအတွက် အဓိကလိုအပ်တဲ့ငွေကြေးတွေကိုလည်း ဘီလျံနာသူဋ္ဌေးကြီးတွေက ထည့်ဝင်ပေးနေတာပါ။

 

လတ်တလော အဲဒီနေရာမှာတော့ ဘိုင်ဒန်ထက် ထရမ့်က နှာတစ်ဖျားသာနေတယ်လို့ ဆိုရပါမယ်။

မဲဆွယ်စရိတ်အတွက် ပြင်ပအလှူရှင်တွေဆီက ထရမ့်က ကန်ဒေါ်လာ သန်း ၇၀ နီးပါးအထိ ရထားပေမဲ့ ဘိုင်ဒန်ကတော့ သန်း ၃၀ နီးပါးပဲရသေးတယ်လို့ အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသိပေးထားချက်တွေအရ နိုင်ငံတကာသတင်းဌာနတွေက ရေးသားနေကြပါတယ်။

 

ထရမ့်ဟာ ကွန်ဆာဗေးတစ် ဘီလျံနာ တင်မိုသီ မယ်လန်တစ်ယောက်တည်းဆီကနေပဲ ဒေါ်လာ သန်း ၅၀ အလှူငွေရရှိထားပါတယ်။ တင်မိုသီဟာ ပတ်စ်ဘတ်အခြေစိုက် မယ်လန်ဘဏ်မိသားစုရဲ့ အမွေဆက်ခံသူဖြစ်ပါတယ်။ ထရမ့်ဟာ စွဲချက် ၃၄ ချက်နဲ့ အပြစ်ရှိကြောင်း နယူးယောက်က တရားရုံးမှာ ဆုံးဖြတ်ခံရပြီး တစ်ရက်အကြာမှာ မယ်လန်က အလှူငွေပေးပို့ခဲ့တာလို့ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

 

နောက်ထပ် ဒေါ်လာ ၁၀ သန်းကို အမေရိကန်ဘီလျံနာကြီးတွေဖြစ်တဲ့ လစ်နဲ့ ဒစ် အူလိန်တို့ဆီက ရထားပါတယ်။ ဘိုင်ဒန်ရဲ့ မဲဆွယ်ရေးအဖွဲ့ကတော့ ထရမ့်အတွက် မယ်လန်ရဲ့ ထည့်ဝင်မှုနဲ့ပတ်သက်လို့ တစ်စုံတရာမှတ်ချက်ပေးတာမရှိသေးပါဘူး။

 

Super-Pac တွေဟာ လွတ်လပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မတီတွေဖြစ်ပြီး ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတစ်ဦးကို ငွေပမာဏအကန့်အသတ်မရှိ မတည်ကူညီခွင့်ရှိပါတယ်။

 

ဒါကြောင့် ဘီလျံနာတစ်ဦးဖြစ်တဲ့ မိုက်ခ် ဘလွမ်းဘတ်ကလည်း ဘိုင်ဒန်ကိုထောက်ခံတဲ့ Super-Pacs တွေကို ဒေါ်လာ သန်း ၂၀ ဝန်းကျင် ပေးအပ်ခဲ့ပါတယ်။ FF PAC လို့သိကြတဲ့ ဘိုင်ဒန်လိုလားတဲ့ Future Forward အုပ်စုကို ဘလွမ်းဘတ်က ဒေါ်လာ ၁၉ သန်းထည့်ဝင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနဲ့ ဒီမိုကရက်တစ်ပါတီကော်မတီတွေပါဝင်တဲ့ Biden Victory Fund(ဘိုင်ဒန်အောင်မြင်ရေးရန်ပုံငွေ)အတွက် နောက်ထပ် ဒေါ်လာ ကိုးသန်းကို ဘလွမ်းဘတ်က ထည့်ဝင်ခဲ့ပါသေးတယ်။

****************************************

 

“အစိုးရနဲ့ လွှတ်တော် လွန်ဆွဲပွဲကြားက ဘရာဇီးလ်မှာအမျိုးသမီးတွေရဲ့လားရာ”

 

ဘောလုံးအားကစားနဲ့ကမ္ဘာကျော်တဲ့ဘရာဇီးလ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့် ရရေး၊ မရရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ဇာတ်ခုံပေါ် အငြင်းပွားနေကြပါတယ်။

 

ဘရာဇီးလ်လွှတ်တော်မှာဆွေးနွေးမယ့် ကိုယ်ဝန်ဖျက်ချမှုကို လူသတ်မှုနဲ့ တန်းတူထားမယ့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဘရာဇီးနိုင်ငံမှာ ဒီရက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့အတူ ပွက်လောရိုက်နေပါတယ်။

 

ဒီထဲ အမျိုးသမီးအများသဘောမတူတာက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုကရလာတဲ့ ကိုယ်ဝန်ကိုလည်း ဖျက်ချခွင့်မပေးထားတာကိုပါ။ သီတင်းပတ် ၂၂ ပတ်ကျော်(ခြောက်လခန့်)ကိုယ်ဝန်ကို ဖျက်ချရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ဥပဒေကြမ်းထဲ ထည့်သွင်းထားပါတယ်။

 

နောက်ထပ် ပွတ်တိုက်မှုကတော့ အာဏာရပါတီနဲ့ အတိုက်အခံတွေရဲ့ လွှတ်တော်ကြားက လွန်ဆွဲပွဲပဲဖြစ်ပါတယ်။

 

အာဏာရပါတီက ဥပဒေကြမ်းကို ဆန့်ကျင်နေပေမယ့် အောက်လွှတ်တော်ထဲက ကွန်ဆာဗေးတစ်တွေက ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေကြတာပါ။

ဒါကြောင့် ဘရာဇီးလ်မြို့တော် ရီယိုဒီဂျနေးရိုး၊ ဆော်ပေါ်လိုနဲ့ ဘရာစီးလျားအပါအဝင် မြို့များစွာမှာ အမျိုးသမီးတွေအပြင် အမျိုးသားတွေကပါ ဥပဒေကြမ်းကိုကန့်ကွက်ကြောင်း ပူးပေါင်းဆန္ဒပြနေတာပါ။

“မိန်းကလေးတစ်ဦးဟာ မိခင်တစ်ဦးမဟုတ်” လို့ရေးသားထားတဲ့ ကတ်ပြားတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ ပြောင်းလဲပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းက အသက် ၁၈ နှစ်အောက် မိန်းကလေးတွေအပေါ် သက်ရောက်မှုရှိလာပုံနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဘရာဇီးက လိင်ပိုင်းအနိုင်ကျင့်ခံရသူ ရာခိုင်နှုန်း ၆၀ ကျော်ဟာ အသက် ၁၃ နှစ်နဲ့ ၁၃ နှစ်အောက်တွေဖြစ်ပါတယ်။

 

လက်ရှိဘရာဇီးဥပဒေအရ လိင်ပိုင်းအနိုင်ကျင့်ခံရတာ၊ မိခင်လောင်းအတွက် အသက်အန္တရာယ်ရှိတဲ့အခါနဲ့ သန္ဓေသားဦးနှောက်ပုံမမှန်တာ စတဲ့ ကန့်သတ်ထားတဲ့ အခြေအနေတချို့မှာပဲ ဥပဒေနဲ့အညီ ကိုယ်ဝန်ဖျက်ချခွင့်ရှိနေပါတယ်။ ဒီကိစ္စတွေနဲ့အကျုံးမဝင်ရင်သာ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုဥပဒေကြမ်းကိုသာ အတည်ပြုဖြစ်မယ်ဆိုရင် ကိုယ်တိုင်ဖျက်ချတာဖြစ်စေ၊ ဖျက်ချလိုကြောင်း ခွင့်ပြုတာဖြစ်စေ သာမန်လူသတ်မှုတွေအတွက် ချမှတ်လေ့ရှိတဲ့ ပြစ်ဒဏ်နဲ့ ညီမျှတဲ့ ထောင်ဒဏ် ခြောက်နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ်လည်း ဥပဒေက သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

သာမန်ကိုယ်ဝန်ဖျက်ချမှုဆိုတာ ဘရာဇီးပြစ်မှုဆိုင်ရာဥပဒေအရ လူတစ်ဦးက အခြားလူတစ်ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာလို့ ဖွင့်ဆိုထားပါတယ်။

 

အခု ဥပဒေကြမ်းကို လွှတ်တော်မှာအတည်ပြုနိုင်ရေးက ပိုမိုနီးစပ်လာတာကြောင့် ဆန့်ကျင်သူတွေဘက်က လမ်းပေါ်အထိ ထွက်လာခဲ့ကြတာဖြစ်ပါတယ်။

****************************************

 

“လူသေဆုံးမှုများနေဆဲ ဟာ့ဂျ်ဘုရားဖူးရာသီ”

 

နှစ်စဉ်ကျင်းပတိုင်း လူသေဆုံးမှုတွေရှိလေ့ရှိထရှိတဲ့ ဟာ့ဂျ်ဘုရားဖူးရာသီမှာ အခုနှစ်မှာလည်း လူ ၅၀၀ ထက်မနည်းသေဆုံးထားပြန်ပါပြီ။ ဒါဟာ တရားဝင်စာရင်းအရသာဖြစ်ပြီး မြေပြင်မှာ ဒီထက် နှစ်ဆကျော်များနိုင်တယ်လို့ ဆိုနေကြပါတယ်။

 

လတ်တလောအတည်ပြုနိုင်တဲ့ သေဆုံးသူတွေကတော့ မလေရှားနိုင်ငံသား (၁၄) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၁၆၅) ဦး၊ ဂျော်ဒန်နိုင်ငံသာ (၇၅)ဦး၊ ပါကစ္စတန်နိုင်ငံသား (၃၅) ဦး၊ တူနီရှားနိုင်ငံသား (၄၉) ဦး၊ အီရန်နိုင်ငံသား (၁၁) ဦးနဲ့ အိန္ဒိယနိုင်ငံသား (၉၈) ဦးတို့ဖြစ်တယ်လို့ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နောက်ထပ် ဂျော်ဒန်နိုင်ငံသား (၂၇) ဦးကို ဆေးရုံတင်ထားရပြီး (၁၄) ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အတွင်း အမေရိကန်နိုင်ငံသား အများအပြားလည်း သေဆုံးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားခဲ့ပါဘူး။

အပူဒဏ်နဲ့ အခြားအခြေအနေတွေကြောင့် ဒါဇင်နဲ့ချီတဲ့ အီရန်နိုင်ငံသားတွေကိုလည်း ဆေးရုံတင်ထားရတယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီရန်လခြမ်းနီ အဖွဲ့က ဗုဒ္ဓဟူးနေ့ ဇွန် ၁၉ ရက်မှာပြောခဲ့တယ်လို့ အီရန်အစိုးရရဲ့ ဆက်စပ်နေတဲ့ Tansim သတင်းဌာနက ဆိုပါတယ်။

 

ဆော်ဒီအာရေးဗျနဲ့ အီဂျစ်နိုင်ငံတို့က သေဆုံးသူဦးရေကို တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးတာကြောင့် အစစ်အမှန် သေဆုံးသူအရေအတွက်ဟာ အခုထက်ကို ပိုပြီးများလာနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံအသီးသီးက အစိုးရတွေဟာ သူတို့နိုင်ငံကရရှိတဲ့ ခွဲတမ်းတွေအရပဲ ဘုရားဖူးသွားတဲ့ ခရီးသည်အရေအတွက်ကို သိရတာဖြစ်ပြီး ဘုရားဖူးသွားဖို့ မှတ်ပုံတင်မထားဘဲ သွားရောက်သူတွေလည်း ရှိနိုင်တာကြောင့် သေဆုံးသူအရေအတွက် အတိအကျသိနိုင်ဖို့လည်း ခက်ခဲပါတယ်။

 

ဘုရားဖူးတွေဟာ အပူချိန် ၄၉ ဒီဂရီဆဲဆီးယက်(၁၂၀ ဒီဂရီ ဖာရင်ဟိုက်)အထိ မြင့်မားတဲ့ အပူချိန်ကြောင့် လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။

 

အီဂျစ်သမ္မတရုံးရဲ့အဆိုအရ လက်ရှိအီဂျစ်နိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ဘေးအန္တရာယ်ကို အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် မိုစတာဖာ မတ်ဘိုလီ (Mostafa Madbouly)က တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ဆုံးပါးသွားခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖတ်တက်အယ်ဆီဆီ(Abdel Fattah el-Sisi)ကလည်း သေဆုံးသွားခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို အဆင်ပြေပြေနဲ့ ပြန်လည်ရရှိစေဖို့ ဆော်ဒီအာရေးဗျနိုင်ငံက တာဝန်ရှိသူတွေနဲ့ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ကြဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 

အီဂျစ်နိုင်ငံရဲ့ ကြာသပတေးနေ့ ဇွန် ၂၀ ရက်နေ့ တရားဝင်ထုတ်ပြန်ချက်အရ အီဂျစ်နိုင်ငံသာ ၂၈ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြပေမဲ့ ရိုက်တာသတင်းဌာနအပါအဝင် အခြားသတင်းဌာနတွေကတော့ ဘုရားဖူးခရီးလမ်းတစ်လျှောက်မှာ သေဆုံးခဲ့ရတဲ့ အီဂျစ်နိုင်ငံသားအရေအတွက်က ၅၀ဝ ကနေ ၆၀ဝ ကြား ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။

 

အီဂျစ်အာဏာပိုင်တွေကတော့ သေဆုံးသူတွေနဲ့ ပျောက်ဆုံးသူတွေရဲ့ စာရင်းကို အတိအကျရရှိဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စာရင်းတွေကွာနေရတာကလည်း နိုင်ငံခွဲတမ်းအရ ဘုရားဖူးဖို့ မှတ်ပုံတင်ပြီးသွားတဲ့သူတွေထက်ကို မှတ်ပုံမတင်ဘဲ သွားရောက်သူတွေက အများအပြား ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။

 

ဘုရားဖူးဖို့အတွက် ပြင်းထန်တဲ့အပူချိန်အောက်မှာ အစ္စလာမ်ဘာသာဝင်ပေါင်း ၁ ဒသမ ၈ သန်းဝန်းကျင် စုဝေးခဲ့ကြပြီးတဲ့နောက် လူထောင်ပေါင်းများစွာ အပူဒဏ်ကြောင့် ဆေးဝါးကုသမှုခံယူခဲ့ကြရပါတယ်။

ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနကတော့ ဘုရားဖူးဖို့အတွက် တရားဝင်လမ်းကြောင်းမှာ အအေးပေးထားတဲ့ အဆောက်အအုံတွေအပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်တွေအပြင် ဘုရားဖူး ခရီးသွားတွေကို ထီးဆောင်းကြဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများ သောက်ကြဖို့လည်း တိုက်တွန်းခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြပါတယ်။

 

ဒါပေမဲ့ အခုနှစ် ဘုရားဖူးကာလကတော့ လူပေါင်းများစွာသေဆုံးခဲ့ရပြီး ကြေကွဲစရာတွေနဲ့ ပြည့်နှက်နေတာကြောင့် သဘာဝ ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ လုပ်ဆောင်နိုင်ဖို့ ရှိမရှိကိုလည်း မေးခွန်းထုတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီနှစ်ဖြစ်ရပ်ဟာ ဘုရားဖူးခရီးစဉ်အတွက် တရားဝင်ခွဲတမ်းနဲ့ ခွင့်ပြုချက်တွေ မရရှိပေမဲ့ သူတို့တွေရဲ့ ဘာသာရေးခံယူချက်၊ ဘာသာရေးတာဝန်ကို ကျေပွန်လိုသူတို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟာ့ဂျ်ခရီးစဉ်ကို လာရောက်တဲ့အခါမှာ နားခိုရာ တရားဝင်အဆောက်အအုံတွေကို သုံးစွဲခွင့်မရတဲ့အတွက် ဘေးအန္တရာယ်တွေ ပိုပြီးကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကိုလည်း မီးမောင်းထိုးပြနေပါတယ်။

 

ဟာ့ဂျ်ဘုရားဖူးလာရောက်ပြီး ဘာသာရေးဓလေ့ထုံးစံတွေ ပြုလုပ်နေစဉ်အတွင်း အပူဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ ဂျော်ဒန်နိုင်ငံသားတွေထဲက(၆၈)ဦးကိုတော့ သူတို့မိသားစုဝင်တွေရဲ့ ဆန္ဒအရ မက္ကာမြို့မှာပဲ မြုပ်နှံဖို့ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တယ်လို့ ဂျော်ဒန်နိုင်ငံရဲ့ စစ်ဆင်ရေးနဲ့ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဆူဖီရန် ကျူဒါ(Sufian Qudah)ကပြောပါတယ်။

 

မလေးရှားနိုင်ငံရဲ့ သာသနာရေးဝန်ကြီး ဒေါက်တာမိုဟာမက် နီယန်မော့ခ်တာ(Mohd Na’im Mokhtar)ကတော့ မလေးရှားနိုင်ငံသားဘုရားဖူးတွေဟာ နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ သွေးရောဂါတွေကြောင့် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန Bernama ကတစ်ဆင့်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေဟာ ခွဲတမ်းမရဘဲသွားရောက်တဲ့ တရားဝင်ဘုရားဖူးလား၊ စာရင်းမသွင်းဘဲ သွားရောက်တဲ့ ဘုရားဖူးတွေလား ဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့တာမျိုး မရှိပါဘူး။

 

အိန္ဒိယနိုင်ငံသား ဘုရားဖူး(၉၈)ဦးကတော့ သဘာဝကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ သဘာဝ အကြောင်းတရားတွေ၊ နာတာရှည်ဖျားနာမှုနဲ့ အသက်အရွယ်ကြီးရင့်မှုတို့ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ ပြည်ပရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့ ဇွန် ၂၁ ရက်မှာ ပြောခဲ့ပါတယ်။

 

ဒါ့အပြင် တမန်တော်မိုဟာမက်က သူ့ရဲ့နောက်ဆုံးဒေသနာကို ဟောကြားခဲ့တဲ့ နေရာလို့ယုံကြည်ကြတဲ့ အာရာဖတ်တောင်မှာ အစ္စလာမ်ဘာသာဝင်တွေ စုဝေးကြစဉ်မှာလည်း အပူဒဏ်ကြောင့် အိန္ဒိယနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ရသလို အခြားလေးဦးကတော့ မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အတွင်းမှာ တူနီးရှားနိုင်ငံသားတွေလည်း သေဆုံးခဲ့တဲ့အတွက် တူနီးရှား သမ္မတ ကိုင်စ်ဆိုက်ဒ် (Kais Saied)က သာသနာရေးဝန်ကြီးကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။ ရာထူးကထုတ်ပယ်ခြင်း မခံရမီ သာသနာရေးဝန်ကြီး အီဗရာဟင် ချိုင်ဘီ (Ibrahim Chaibi ) က ဘုရားဖူးခရီးသွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး “ ကျွန်တော်တို့ ပေါ့ဆမှုတွေ တွေ့နေရပါတယ်။ အခုလောလောဆယ်မှာ ဝန်ကြီးဌာနအတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ပျက်ကွက်တဲ့သူဘယ်သူ့ကိုအဆို အပြစ်ပေးအရေးယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

 

ဆော်ဒီအစိုးရက ဒီအပတ် တနင်္လာနေ့ ဇွန် ၁၇ ရက်နေ့ကတည်းက အပူဒဏ်ကြောင့် လူပေါင်း(၂၇၀ဝ)ကျော် ကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူမှုကွန်ရက်တွေပေါ်မှာ ဟာ့ဂျ် ဘုရားဖူးခရီးသွားနေတဲ့ သူတို့ရဲ့ ချစ်ခင်ရသူတွေ ပျောက်ဆုံးနေတယ်လို့ တင်တဲ့သူတွေလည်း အများအပြားရှိခဲ့ပါတယ်။

 

ဘုရားဖူးခရီးသွားတွေကြား သေဆုံးမှုမှာ အဆန်းမဟုတ်သလို အခုနှစ်မှာတော့ အပူချိန်မြင့်မားတဲ့ အချိန်မျိုးမှာ မက္ကာမြို့မှာ လူတွေလာရောက်စုဝေးခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဘုရားဖူးခရီးသွား ၂၀ဝ ကျော် သေဆုံးခဲ့ပါသေးတယ်။

 

ဟာ့ဂျ်ရာသီဟာ အစ္စလာမ် ပြက္ခဒိန်အရ နှစ်စဉ်အချိန်ပြောင်းလဲနေခဲ့ပြီး ဒီနှစ်မှာတော့ ဆော်ဒီနိုင်ငံရဲ့ အပူဆုံးလဖြစ်တဲ့ ဇွန်လထဲမှာ ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဆော်ဒီအာဏာပိုင်တွေကတော့ ဘုရားဖူးတွေကို အပူချိန် ၄၉ ဒီဂရီဆဲဆီးရပ် (၁၂၀ ဒီဂရီ ဖာရင်ဟိုက်) အထိရောက်ရှိတဲ့အထိ ပြင်းထန်လွန်းတာကြောင့် နာရီပိုင်းအချိန်တွေမှာ ဘုရားဖူး အခမ်းအနားတွေ ခေတ္တရပ်နားကြဖို့ အကြံပြုခဲ့ပါတယ်။

****************************************

 

“တရုတ်ရဲ့ ရာသီဥတုကျိန်စာ”

 

တစ်ကမ္ဘာလုံးက ကမ္ဘာကျော် Brand တွေရဲ့ စက်ရုံအများအပြား တည်ရှိရာ တရုတ်နိုင်ငံမှာ ရာသီဥတုဆိုးရွားခြင်းဒဏ်ကို မရှုမလှခံစားနေရပါပြီ။

 

နှစ်စဉ် ရေကြီးရေလျှံမှု ဆိုးရွားစွာခံစားနေရတဲ့ တရုတ်နိုင်ငံ(တောင်ပိုင်း)မှာ ဇွန်လ ၉ ရက်နေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းလို့ ရုတ်တရက် ရေကြီး၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး ရေကြီးမြေပြိုမှုဟာ နောက်ထပ်ပိုဆိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဇွန်လ ၉ ရက်နေ့ကစပြီးဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေထဲမှာ အနည်းဆုံး လူ(၁၃)ဦးသေဆုံးခဲ့ပြီး အဆောက်အအုံတွေ တချို့တဝက်ဟာလည်း နစ်မြုပ်ခဲ့ရပါတယ်။ လတ်တလော ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက စက်တပ်လှေငယ်တွေ အသုံးပြုပြီး ကယ်ဆယ်မှုတွေလုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ရုပ်သံနဲ့တကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဆုန်ယွမ်နဲ့ ရှီကူမြစ်တွေရဲ့ စံချိန်တင်ရေကြီးမှုအတွင်း အထိအခိုက်အပျက်အစီးအများဆုံး မြစ်ကမ်းပါး အနီးနားဒေသဖြစ်တဲ့ ကွမ်တုံးပြည်နယ် မိန်ကျုံးမြို့မှာ အနည်းဆုံး လူကိုးဦး သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနဖြစ်တဲ့ CCTV က ဒီကနေ့ ဇွန် ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ကွမ်တုံးပြည်နယ်ဟာ စီးပွားရေးအရ အရေးပါတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၁၂၇ သန်းအထိ နေထိုင်လျက်ရှိကာ နှစ်စဉ် ဧပြီလကနေ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

 

ဒါပေမဲ့ ရာသီဥတု ဆိုးရွားဖောက်ပြန်မှုကြောင့် ပိုပြီး ပြင်းထန်တဲ့ရာသီဥတုတွေ ကြုံတွေ့လာရနိုင်ပြီး အသေအပျောက်များတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အဲဒီပြည်နယ်ဟာ ပိုပြီး ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတွေရယ်၊ ပိုမိုဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေကို ကြုံတွေ့လာရပါတယ်။

အခုသီတင်းပတ်ရဲ့ အစောပိုင်းမှာလည်း မိန်ကျုံးမြို့က ဒေသခံ တစ်သောင်းကျော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး လူပေါင်း(၁၃၀,ဝဝဝ)ခန့်ဟာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရသလို မြို့အာဏာပိုင်တွေဟာ ဘေးအန္တရာယ်ကို အရေးပေါ် တုံ့ပြန်မှု အဆင့် ၁ အဖြစ် သတ်မှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရေလွှမ်းမိုးမှု အရေးပေါ်တုံ့ပြန်ရေးစနစ်မှာ အဆင့်လေးဆင့်ရှိပြီး အဆင့် ၁ က အပြင်းထန်ဆုံးဖြစ်ပါတယ်။

 

ကွမ်တုံးပြည်နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ ဖူကျန်းပြည်နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူလေးဦး သေဆုံးခဲ့ရပြီး ခရိုင်လေးဆယ်မှာရှိတဲ့ လူပေါင်း (၅၈၆,၅၀ဝ) ဝန်းကျင်ဟာ မိုးရွာသွန်းမှု ဒဏ်ကို ခံစားခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာက ထုတ်ပြန်ပါတယ်။

 

ကွမ်တုံးပြည်နယ်ရဲ့ အနောက်ဘက်မှာ ကပ်လျက်တည်ရှိနေတဲ့ ကွန်ရှီးပြည်နယ်တွင်းက မြစ် (၄၈) စင်းရဲ့ မြစ်ရေဟာ ရေလွှမ်းမိုးမှုအဆင့် သတိပေးချက်အထက်ကိုရောက်နေပြီဖြစ်တဲ့အတွက် အာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်မှု အဆင့် ၂ ကို စတင်ရတော့မယ့်အနေအထားမျိုးဖြစ်နေပြီလို့ နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကမ္ဘာ့လှည့်ခရီးသွားတွေကြား ထင်ရှားကျော်ကြားတဲ့ ကွေးလင်မြို့ကိုဖြတ်သန်းစီးဆင်းတဲ့ လီကျန်းမြစ်ကလည်း ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ဖြစ်စေခဲ့တဲ့အတွက် လူပေါင်း (၆,ဝဝဝ) ကျော်ကို ဘေးလွှတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြာသပတေးနေ့ ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ရေကြီးရေလျှံမှုအတွက် အရေးပေါ်တုံ့ပြန်မှုတွေ ဆောင်ရွက်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် အစွမ်းကုန်ကြိုးစားကြဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇွန် ၁၈ ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

 

လက်ရှိမှာ တရုတ်နိုင်ငံတောင်ပိုင်းဟာ ပြင်းထန်တဲ့ရာသီဥတုနဲ့အတူ မိုးသည်းထန်စွာရွာသွန်းခြင်းကို ကြုံတွေ့နေရပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာတော့ စံချိန်တင် အပူချိန်နဲ့အတူ ဆိုးဆိုးရွားရွား မိုးခေါင်ခြင်းတို့ကို ကြုံတွေ့နေရပါတယ်။

 

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အခြားသောဒေသတွေမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုစောပြီး ပိုကြာလာတဲ့ အပူချိန် မြင့်တက်လာမှုနဲ့ မိုးခေါင်မှုတို့ကို ကြုံတွေ့လာနေရပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အား မလုံလောက်တာတွေ၊ အစားအစာနဲ့ စက်မှုလုပ်ငန်းတွေအတွက် လုံလောက်တဲ့ အထောက်အပံ့တွေ မရနိုင်တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်လာနေတယ်လို့ သိရပါတယ်။