တစ်နှစ်နီးပါး ပိတ်ထားတဲ့ တမူး-ခမ်းပတ် ကားလမ်းကို စစ်ကောင်စီက ပြန်ဖွင့်ပေး

Author ဆလိုင်း
Categories
Published on Jun 23, 2024

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တမူး-ခမ်းပတ် ကားလမ်းကို စစ်ကောင်စီက တစ်နှစ်နီးပါး ပိတ်ထားပြီးမှ မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံဆီက သိရပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခတ်ပမ်းမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လကစလို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်သိမ်းလိုက်တာ။

 

အဲ့ဒီ လမ်းကြောင်းတွေကို စစ်ကောင်စီက ပြန်ဖွင့်ပေးပေမယ့် ခရီးသည်တွေဆီက အဆမတန် ငွေညစ်တာ၊ ဂိတ်ကြေးတောင်းတာတွေ ပြုလုပ်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လမ်းကြောင်းတွေ ပိတ်ထားလို့ ခမ်းပတ်မှာ တခြားမြို့တွေထက် ကုန်စျေးနှုန်းတက်တယ်။ မိုးတွင်းဆို ပိုဆိုးတာပေါ့နော်။ အခုလမ်းကြောင်း ပြန်ဖွင့်ပေးတော့ ပြည်သူတွေအတွက် အရမ်းပျော်တာပေါ့။ တဖက်မှာလည်း လမ်းကြောင်းတွေမှာ စစ်သား ဂိတ်တွေက ရှိနေသေးတော့ ငွေညစ်တာ၊ ဂိတ်ကြေးတောင်းတာတွေ လုပ်မှာစိုးရိမ်နေတယ်။”လို့ သူက ဆိုပါတယ်။

 

တမူး – ခမ်းပတ် ကားလမ်းတစ်လျောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေဖြစ်တဲ့ ပန်းသာဂိတ်၊ ၄မိုင်ဂိတ်၊ Denko ဂိတ်တို့ ရှိနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ခမ်းပတ် – တမူး ကားလမ်းကို ဖွင့်ပေးပေမယ့် ခမ်းပတ် – ကလေး ကားလမ်းကိုတော့ ဖွင့်ပေးတာမရှိသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ ခမ်းပတ်နဲ့ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းကိုလည်း ပြန်ဖွင့်ပေးစေလိုတယ်။ ဒါမှ ကုန်ပစ္စည်းတွေ ဝင်လာမှုပိုများလာမယ်။ ကုန်စျေးနှုန်းတွေလည်း ကျဆင်းမှုရှိမယ်။ ကျန်းမားရေးကအစ ပိုအဆင်ပြေမယ်။”လို့ သူက ဆိုပါတယ်။

 

စစ်ကောင်စီက လမ်းကြောင်းတွေ ဖွင့်ပေးပြီး ဂိတ်ကြေးတွေ အဆမတန် ကောက်ခံနေပါက ခမ်းပတ်မြို့တွင်း ကုန်စျေးနှုန်းမှာ ကျဆင်းမှုရှိလာမယ့်မဟုတ်ဘူးလို့ ဒေသခံတွေက သုံးသပ်ပြောဆိုထားပါတယ်။

 

ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပူးပေါင်း မဟာမိတ်တပ်မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ