ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဇွန် ၁၆ မှ ၂၂ ရက်အထိ)

Published on Jun 22, 2024

ဒီတစ်ပတ်(ဇွန် ၁၆ မှ ၂၂ ရက်အထိ)အတွင်း နိုင်ငံတဝန်း စစ်ရေးအခြေအနေတွေထက် စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးပျံလွန်တော်မှုခဲ့တဲ့သတင်းဟာ ပြည်သူလူထုကြား စိတ်ဝင်စားမှုအမြင့်တက်ဆုံးဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ၊ တိုက်ပွဲတွေဟာလည်း နေရာဒေသအလိုက် ဖြစ်ပေါ်နေတဲ့ အ​ခြေအနေတွေရှိနေပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်တာ သတင်းကောက်နုတ်ချက်ကတော့ “သာသနာ့ကြယ်တစ်ပွင့် စစ်ကောင်စီ ပစ်” ဆိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခံရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်သတင်း၊ “ဇွန် ၁၉ မှာ ၇၉ အထိမ်းအမှတ် ပန်းတွေဝေ”ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်သတင်း၊ “ပန်းဝါမြေအောက် ပျောက်ဆုံးသွားသူတွေ” ဆိုတဲ့ ပန်ဝါမြို့က သတ္တုတွင်းလုပ်ကွက်မြေပြိုမှုမှာ ပျောက်ဆုံးသူတွေရှိနေတဲ့သတင်း၊ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှု စစ်ဆင်ရေးသတင်းတွေ အပါအဝင် အထူးခြားဆုံးသတင်းတွေကို CJ Platform က ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“သာသနာ့ကြယ်တစ်ပွင့် စစ်ကောင်စီ ပစ်”

 

အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ စစ်တပ်လို့ ကြွေးကြော်နေတဲ့ စစ်ကောင်စီတပ်ဟာ ဂုဏ်သတင်းကျော်ဇောတဲ့ သာသနာ့ကြယ်တစ်ပွင့်ကို ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။

 

ဒီသတင်းဟာ ပြည်တွင်း/ပြည်ပက မြန်မာလူထုအပါအဝင် သံဃာထုကြား အကြီးအကျယ် ဂယက်ရိုက်စေခဲ့ပါတယ်။

 

ပဲခူးတိုင်း၊ ပဲခူးမြို့က ဝင်းနိမ္မတာရုံဆရာတော်နဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်ကျောင်း ဆရာတော်တို့ဟာ ရန်ကုန်ကနေ မန္တလေး တံတားဦးလေဆိပ်ကို ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။

 

အဲဒီနောက် တံတားဦးလေဆိပ်ကနေ ကမ္မရွာကိုအသွား မြို့သာနဲ့ ကမ္မရွာကြားမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် နေရာမှာတင် ပဲခူးဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီဘက်က PDF လုပ်တာလို့ အဲဒီနေ့ ညနေမှာ လီဆယ်ထုတ်ပြန်ခဲ့ပါတယ်။ နောက်နေ့မှာတော့ အတူကြွချီခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ ဖြစ်ရပ်မှန်ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်ထဲ “FAW ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေပေါ့။ ရက်စက်လှချီလားဆိုတော့ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်းမသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား။ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” လို့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြားပါတယ်။

 

အဲဒီနောက် ဖြစ်စဉ်နေရာကနေ မန္တလေးတပ်ဆေးရုံကို ဒဏ်ရာရ ကန်သုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတို့ကို ခေါ်သွားခဲ့ပြီးနောက် အမျိုးမျိုးစစ်မေးခဲ့ပေမဲ့ ဆရာတော်ဟာ အဖြစ်မှန်ကိုပဲ ပြောပြခဲ့တယ်လို့ မိန့်ကြားပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဟာ ဇွန် ၂၁ မနက်ပိုင်းမှာ မြေပြင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ စာနဲ့ထုတ်ပြန်ခဲ့သလို ညနေပိုင်းမှာတော့ ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံနဲ့တကွ “ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါတဲ့ Surf ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအရ ပစ်ခတ်ခဲ့တယ်” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

 

ဆရာတော်ကြီးရဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဇွန်လ ၂၁ ရက်မှာ သံဃသမဂ္ဂ(မန္တလေး)က “လွန်စွာထိတ်လန့် ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါ့အပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)က သီတဂူစတား ဆရာတော် ဒေါက်တာကောဝိဒသိရီကလည်း သူ့ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် “စစ်ကောင်စီအနေနဲ့ ဆရာတော် ပစ်ခတ်ခံရလို့ ပျံလွန်တော်မူသွားရတဲ့အဖြစ်မှန်ကို ဝန်ခံပြီး တာဝန်ယူလိုစိတ်နဲ့ သံဃာကို တောင်းပန်သင့်တယ်” လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

NUG ကလည်း ဒီဖြစ်စဉ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုပြီး ပစ်ခတ်မှုဖြစ်ပြီးနောက်တစ်နေ့ ဇွန် ၂၀ မှာ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

 

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ်ဟာ ဇွန်လ ၂၀ ရက်မနက်အစောပိုင်းမှာ ကျောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

 

ဆရာတော်ကြီးရဲ့ အန္တိမရုပ်ကလာပ်တော်ကို ကိုးရက်တိတိ အပူဇော်ခံထားရှိမယ်လို့ ဆိုထားပါတယ်။

****************************************

 

“ဇွန် ၁၉ မှာ ၇၉ အထိမ်းအမှတ် ပန်းတွေဝေ”

 

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့ ဇွန်လ ၁၉ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့်ခဲ့ပါတယ်။

 

ဒါကြောင့် မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်ဆင်နွှဲခဲ့ကြပါတယ်။

 

တော်လှန်ရေးအင်အားစုတွေအပြင် ပြည်သူလူထုဟာလည်း စစ်ကောင်စီကြပ်မတ်ထားတဲ့ကြားက အသွင်မျိုးစုံနဲ့ မွေးနေ့ပွဲတွေနဲ့အတူ အာဏာရှင်ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း ပုံစံမျိုးစုံနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်ပြုလုပ် ခဲ့ကြပါတယ်။

 

အဲဒီထဲ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက လက်ဘက်ရည်ဆိုင်ထဲအထိ ပန်းပန်တဲ့ပြည်သူတချို့ကို ဝင်ဖမ်းခဲ့သလို စုစုပေါင်း ခြောက်ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်က နိုင်ငံတကာသံရုံးတွေကလည်း သူတို့ရဲ့တရားဝင်လူမှုကွန်ရက်တွေကနေ ပန်းပုံတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွှတ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

****************************************

 

“ပန်းဝါမြေအောက် ပျောက်ဆုံးသွားသူတွေ”

 

ကချင်ပြည် ပန်ဝါမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခုဟာ ဗုဒ္ဓဟူးနေ့ ဇွန်လ ၁၉ ရက် ညသန်းခေါင်မှာ ထပ်မံပြိုကျပြီး သတ္တုတူးဖော်ရေး လုပ်သားအများအပြား ပျောက်ဆုံးခဲ့ပါတယ်။

 

ပေ ၁၀ဝ ကျော်မြင့်တဲ့ တောင်ကမ်းပါးယံ မြေပြိုကျမှုမှာ သတ္တုတူးဖော်ရေးလုပ်သား ၅၀ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

 

ပန်ဝါမြို့နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုမှာ ဇွန်လ ၄ ရက်က မြေပျိုကျမှုမှာလည်း လူ ၂ဝ ဦးထက်မနည်း ပျောက်ဆုံးခဲ့ပါသေးတယ်။

 

ပြိုကျတဲ့ မြေရှားသတ္ထုတူးဖော်ရေးလုပ်ကွက်ဟာ ပန်ဝါမြို့ အထူးဒေသ ၁ က စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိမ့်ယန်း ထိန်းချုပ်ထားတဲ့နေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။

 

သူ့လုပ်ကွက်တွေဟာ ကချင်ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး လုပ်ငန်းခွင်ထဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

အဲဒီဒေသမှာ မြေရှားသတ္တုတူးဖော်မှုကြောင့် မြေကြီးထဲအပေါက်တွေဖြစ်သွားလို့ မိုးကြီးရင် မြေပြိုဖို့ ရာခိုင်နှုန်းများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

****************************************

 

“စစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်”

 

သုံးနှစ်ကျော်အတွင်း နိုင်ငံတဝက်မှာ စစ်ကောင်စီရဲ့ ဖုန်းနဲ့ အင်တာနက်တွေအားလုံး ဖြတ်တောက်ထားတယ်လို့ အသံအဖွဲ့က သောကြာနေ့ ဇွန် ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဧပြီလအထိ တစ်နိုင်ငံလုံး မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၆၉ မြို့နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ အနည်းဆုံး မြို့တစ်မြို့မှာ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းပါ ဖြတ်တောက်ခံထားရတဲ့ သဘောပါ။

 

အဲဒီထဲ စစ်ကိုင်းတိုင်းက ၃၃ မြို့နယ်နဲ့ ပထမ၊ ရန်ကုန်တိုင်းက ၂၈ မြို့နယ်နဲ့ ဒုတိယ၊ ကချင်ပြည်က ၁၈ မြို့နယ်နဲ့ တတိယ၊ ရခိုင်ပြည်က ၁၇ မြို့နယ်နဲ့ စတုတ္ထဆိုပြီး အစဉ်လိုက်ရပ်တည်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီအကြောင်း စုံစမ်းထောက်လှမ်းနေတဲ့ Justice For Myanmar ရဲ့ ဖော်ထုတ်မှုမှာလည်း မြန်မာအင်တာနက်အသုံးပြုသူတွေအပေါ် စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး စစ်ကောင်စီရဲ့ကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ပြုလုပ်နေတာလို့ ဆိုပါတယ်။

 

ဒါကြောင့် စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ရေး ပံ့ပိုးနေတဲ့ မြန်မာနိုင်ငံက Mascots Group နဲ့ တရုတ်ကုမ္ပဏီ နှစ်ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ JFM က တောင်းဆိုထားပါတယ်။

 

ဒေါက်တာဝင်းကျော်နဲ့ ဇနီးဖြစ်သူ ခင်ကေခိုင်တို့ ဦးဆောင်တဲ့ Mascots Group ဟာ တရုတ်ကုမ္ပဏီတွေနဲ့ စစ်အုပ်စုတို့အကြား ကြားခံပွဲစားအဖြစ် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။