ရေစကြိုမှာ စစ်ကောင်စီက စစ်ကြောင်းထိုးစီးနင်းပြီး ဆရာမတစ်ဦးအပါအဝင် အရပ်သား ၇ ဦး သတ်ဖြတ်ခံရ

Author မင်းထက်
Categories
Published on May 23, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မေ ၁၇ ရက်မှာ စစ်ကျောင်းထိုး၀င်ရောက်ပြီး ကျောင်းဆရာမတစ်ဦးအပါအဝင် အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ထပ်၊  ဇီးတော၊ သဲတော စတဲ့ကျေးရွာတွေအနီးက ဒေသအခြေပြုကာကွယ်ရေးတပ်တွေရဲ့ စခန်းတွေကို စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်နဲ့ စီးနင်းတိုက်ခိုက်ချိန်မှာ ဒေသခံအရပ်သားတွေ သတ်ဖြတ်ခြင်းခံခဲ့ရတာပါ။

ကျောက်ထပ်ရွာကို စစ်တပ်က ပစ်ခတ်စီးနင်းဝင်ရောက်လာလို့ ပြေးလွှားတိမ်းရှောင်နေချိန် စေတနာ့ဝန်ထမ်း ဆရာမ ပစ်သတ်ခံခဲ့ရပြီး အမျိုးသား ခြောက်ဦး အရှင်ဖမ်းခံရပြီးမှ သတ်ဖြတ်ခံရတယ်လို့  Yesagyo Revolution Group  တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

 

” မနက်အစောပိုင်း ကျောက်ထပ်နဲ့ ဇီးတောရွာတွေကို အင်အား ၃၀၀ ရာလောက်နဲ့ ဝိုင်းထားတာဗျ။ ပြေးပေါက်က တစ်နေရာပဲ လွတ်တာ။ ပြေးပေါက်မှားတဲ့သူတွေ အကုန်မိတာဗျ။ ယောကျာ်းလေးတွေကျ သတ်ပစ်တာ။ သေဆုံးသူက ခုနစ်ယောက် ၊ ဆရာမ တစ်ယောက်ပါတယ်” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

 

စစ်ကြောင်း၀င်ချိန်မှာ  အချိန်မီထွက်မပြေးနိုင်တဲ့ ကျောက်ထပ်ရွာက ဒေသခံ အမျိုးသား/အမျိုးသမီး ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့​ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေအနက် အသက် ၁၆ နှစ်လောက်အရွယ် လူငယ်တစ်ဦးအပါအဝင် အမျိုးသား ခြောက်ဦးကို PDF စခန်းရှိတဲ့ နေရာကို လိုက်ပြခိုင်းဖို့ ခေါ်သွားပြီးနောက် ကာကွယ်ရေးတပ်စခန်းအနီး ပစ်သတ်မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီ ကျောက်ထပ်ရွာ ဒေသအခြေစိုက် Yesagyo Revolution Group (YRG) စခန်းကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပါရီကျည်(၆၀၀)တောင့်၊ AK ကျည် ၂၀၀ တောင့် ၊ ၅.၅၆ ကျည် ၃၀ တောင့်၊၊ 9mm ၂၀ M တောင့် ၊  လက်ပစ်သုံးလုံး၊ အီနာဂါ နှစ်လုံး၊ ကား တစ်စီး၊ ဆိုင်ကယ်သုံးစီး၊ မိုင်းပစ္စည်း စတဲ့အရာတွေ ဆုံးရှုံးမှုရှိခဲ့ရတယ်လို့ Yesagyo Yesagyo Revolution (YRG)က ဆိုပါတယ်။

 

ပြည်သူတွေကို သတ်ဖြတ်တာဟာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခလရ  ၂၅၇ ၊ ခလရ  ၂၅၈ ၊ ခလရ  ၂၅၉ က စစ်သားတွေ အင်အားအလုံးအရင်းနဲ့  စီးနင်းခဲ့တာလို့ သိရပါတယ်။

 

စစ်ကောင်စီတပ်သားတွေက ကျောက်ထပ်အပြင် ဇီးတော၊ သဲတောကျေးရွာတို့ကိုလည်း ထပ်မံစီးနင်းခဲ့ပြီး ကျောက်ထပ်ရွာက နေအိမ် ၃၇ အိမ်လုံး၊ ဇီးတောကျေးရွာက နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

စစ်ကြောင်းကြောင့် ကျောက်ထပ်ရွာ၊ ဇီးတောရွာ၊ သဲတောရွာနဲ့ ကွမ်းသီးကန်ရွာစတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

 

“ပြည်သူတွေ လက်ရှိမှာ စိတ်ဆင်းနေရတယ်။ နေစရာ အိမ်လည်း မရှိ။ စစ်တပ်က ရွှေ၊ ငွေ၊ ကားတွေပါ ယူဆောင်၊ မီးရှို့တာတွေပါ လုပ်တယ်” လို့ ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

 

စစ်ကြောင်း၀င်ရာ ကျေးရွာတွေက ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၀၀ ခန့်ရှိပြီး မေ ၂၀ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတဲ့ ဒေသခံ ခြောက်ဦးခန့်ရှိတယ်လို့ ဆက်လက်ပြောပါတယ်။

 

စစ်ကောင်စီရဲ့  မီဒီယာနဲ့ ၀ါဒဖြန့်လော်ဘီတွေကတော့ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတာက မဟုတ်မမှန်သတင်းအမှားတွေဖြစ်တယ်လို့ ဒေသခံတွေကို ပြန်လည်လွှတ်ပေးခဲ့တဲ့နေ့မှာ ငြင်းဆိုထားပါတယ်။

 

ဒါ့အပြင် မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ဇီးတောရွာ၊ ကျောက်ထပ်ရွာ၊ သဲတောရွာအပါအဝင် Southern YSO PDF စခန်းနေရာ လေးခုကို  အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ခုခံတိုက်ခိုက်ရာမှာ  ၃၀ ဦးကျော်သေဆုံးခဲ့သလို လက်နက် ၉ လက်သိမ်းဆည်းရရှိတယ်လို့ Southern YSO PDF တပ်ဖွဲ့ဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်တွေကို  Southern YSO PDF အဖွဲ့ရဲ့ နတ်မိချောင်းစစ်ဆင်ရေးနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးမှာ Southern YSO PDF၊ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)၊ ပြည်သူ့အားမာန် PDFတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ နတ်မိချောင်းစစ်ဆင်ရေး ကမ်းပိန်ကိုလည်း ပြည်သူတွေက ပါဝင်အားဖြည့် ကူညီကြဖို့ တာဝန်ခံ အောင်မောင်းက တိုက်တွန်းပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – Yesagyo Revolution Group