တော်လှန်ရေးရဲဘော် ၁၂ ဦးဖမ်းခံရအောင် စစ်ကောင်စီကိုသတင်းပေးခဲ့တဲ့ သဲကုန်းမြို့က အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Published on May 23, 2024

တော်လှန်ရေးရဲဘော် ၁၂ ယောက်ဖမ်းခံရအောင် စစ်ကောင်စီကို သတင်းပေးခဲ့တဲ့ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ အင်ပင်လှရွာက အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းဟာ ဒီနေ့ မေလ ၂၃ ရက်၊ မနက် ၆ နာရီခွဲခန့်မှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

သူ့ရဲ့ တိုင်ကြားမှုကြောင့် တော်လှန်ရေးရဲဘော် ၁၂ ယောက် အဖမ်းခံရပြီး ငါးယောက်က စစ်ကြောရေးမှာ သေဆုံးခဲ့ကာ ခုနစ်ယောက်က အခုထိ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတယ်လို့ သဲကုန်းက ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် သူဟာ ကျေးရွာအုပ်စုအတွင်း တစ်ရွာကို ငါးယောက်နှုန်းနဲ့ စစ်သားစုဆောင်းဖို့ဖိအားပေးတာ၊ ပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်တာနဲ့ လောင်းကစားဝိုင်းတွေကို ဖွင့်ခွင့်ပေးပြီး အကောက်ကောက်ကာ စစ်တပ်ကို ထောက်ပံ့ပေးတာမျိုးတွေလုပ်ဆောင်နေသူလို့ ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

“နေအိမ်က ဈေးဝယ်ထွက်လာချိန်မှာ ပစ်ခတ်ခဲ့တာပါ။ သူက စစ်ကောင်စီကို ကြက်ဝိုင်းတို့၊ ဂျင်ဝိုင်းတို့၊ နှစ်လုံး၊ သုံးလုံးတို့ အဲဒါတွေကို လိုင်းကြေးကောက်ပြီး ထောက်ပံ့ပေးတာလေ” လို့ သူက ပြောပါတယ်။

 

ဦးမျိုးထွန်းရဲ့ သေဆုံးရုပ်အလောင်းကို အခင်းဖြစ်ပွားပြီးမကြာခင်မှာ သူ့ရဲ့ မိသားစုက လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ စစ်ကောင်စီဘက်က ဖမ်းဆီးစစ်ဆေးတာမျိုးတွေမပြုလုပ်ဘဲ ငြိမ်နေတယ်လို့ အထက်ပါသတင်းတာဝန်ခံက ပြောပါတယ်။

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကုန်းသာရွာက အုပ်ချုပ်ရေးမှူးလုပ်ချင်ကြောင်း မိမိကိုယ်တိုင် အဆိုပြုကာ  လုပ်ဆောင်ခဲ့သူဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို မေလ ၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၅)(တောဘုရင်)အဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်