ကွန်းခိုရာ ပျောက်သူတွေအတွက် ခိုလှုံရာ

Published on May 23, 2024

ကိုယ့်အိမ်တစ်လုံး မီးတွေလောင်နေတာကို ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတဲ့အခါ ဘယ်လိုခံစားမိပါမလဲ။ သင်သာ ဒီလိုကြုံပြီး ကွန်းခိုရာ ပျောက်သွားမယ်ဆိုပါရင်ရော…

 

ဒီအဖြစ်အပျက်မျိုး အရင်က ကြုံဖူးသူ မရှိသလောက်နည်းကြပါလိမ့်မယ်။ အခု မနည်းတော့ပါဘူး။ အညာဒေသတစ်ခွင်မှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ အိမ်ဟောင်းတွေပျောက်ပြီး အိမ်သစ်လေးတွေ ပေါများလာနေရပါပြီ။

 

အိမ်သစ်ဆိုလို့ အဆိုးထဲက အကောင်းလော။ မဟုတ်ပါဘူး။ အိမ်သစ်တွေဟာ နေရပ်ကိုစွန့်ပြီး တောတွေ၊ တောင်တွေထဲက မြေလွတ်ရာတွေမှာ အလှူရှင်တွေရဲ့ စေတနာနဲ့ နေထိုင်ခွင့်ရကြရတာပါ။

 

စစ်ကိုင်းတိုင်းက ဒီပဲယင်း၊ ရွှေဘို၊ ရေဦး၊ အရာတော်နဲ့ မကွေးတိုင်းက ပေါက်မြို့နယ်တွေမှာ မီးလောင်လို့ ကွန်းခိုရာပျောက်သူတွေအတွက် စီစီရီရီနေအိမ်လေးတွေ မြင်တွေ့နေရပါပြီ။

 

အခုဆို အိမ် ၁၂၀၀ လုံးအထိဖြစ်လာခဲ့ပြီလို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးအကူအညီပေးရေး ပရဟိတအဖွဲ့က ဆိုပါတယ်။

 

အဲဒီအဖွဲ့ဟာ အညာတခွင် အရပ်သားတွေ လိုသမျှကို တတ်နိုင်သမျှ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အန္တရာယ်ကြားက လိုက်ဖြည့်နေတဲ့ အဖွဲ့အစည်းတစ်ခုရယ်ပါ။

 

ပြာပုံကြားကဘဝတွေ ပြန်လည်ထူထောင်ရေးအတွက် အမှောင်အတိကျနေတဲ့ အညာဒေသမှာ အလင်းတစ်စက်ဖြစ်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ ပြိုက်ပြိုက်လောင်နေတဲ့ မီးညွှန့်တွေကနေ ပြာပုံထဲရောက်သွားသူတွေရဲ့ ဘဝကို ပြန်ကောက်တင်ဖို့ S&C တည်ထောင်သူ ကိုစိုးမိုးအောင်တို့ ပရဟိတလောကထဲ ခြေစုံပစ်ဝင်ခဲ့ကြပါတယ်။

 

S&C အဖွဲ့ဟာ မီးဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီရင်း ပရဟိတအလုပ်ကို ပြန်လည်စတင်ခဲ့ပြီးနောက် အိမ်လေးတွေဆောက်ပြီး လှူဒါန်းတဲ့ အခြေအနေအထိ မထင်မှတ်ဘဲ ရောက်လာခဲ့ကြပါတယ်။

 

အဲဒီလိုလှူရင်း အခုဆို S&C အဖွဲ့က စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်ငါးခုမှာ အိမ်အလုံး ၁၂၀၀ အထိ အထိရှိလာပါပြီ။

 

အဲဒီမှာ အခက်အခဲလေးတွေ အချို့လည်း ရင်ဆိုင်ရပါတယ်။ အဲဒီထဲ အိမ်တစ်လုံးဆောက်လုပ်မှုရဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။

 

S&C အဖွဲ့အနေနဲ့ မီးရှို့ခံရတဲ့ ရွာတွေကို ကွင်းဆင်းကူညီထောက်ပံ့ရင်း အိမ်တစ်လုံးကို ကျပ်နှစ်သိန်းကျော်နဲ့ ဆောက်လို့ရတဲ့ အခြေအနေရှိခဲ့ပေမဲ့ ဒီနောက်ပိုင်းမှာ နယ်မြေဒေသနဲ့ ကုန်ကြမ်းရရှိမှုအပေါ်မူတည်ပြီး ကွဲပြားမှုတွေရှိတယ်လို့ S&C ရဲ့ခေါင်းဆောင် ကိုစိုးမိုးအောင်က CJ Platform ကိုပြောပါတယ်။

 

“တချို့အိမ်ရှင်ဘက်က တတ်နိုင်သလောက် ငွေစိုက်ထည့်ဝင်ရတာမျိုးလည်းရှိတယ်။ အဲဒါမှပဲ ဒီလိုတွေဖော်ဆောင်နိုင်မှာဗျ။ လိုအပ်ချက်တွေ အားလုံးတိုင်းသာ ကျွန်တော်တို့က လိုက်ဖြည့်ပေးဖို့ဆိုရင် မလွယ်ဘူးပေါ့လေ” လို့ သူက ပြောပါတယ်။

 

သူတို့ကြောင့်ပဲ အခုလို လုပ်ဆောင်ပေးနိုင်တာလို့ ကိုစိုးမိုးအောင်က ညွှန်းဆိုသလို စစ်ကောင်စီကြောင့် နစ်နာသူတွေကို ‘အုတ်တစ်ချပ် သဲတစ်ပွင့်’ အနေနဲ့ ကူညီပေးရုံသက်သက်ပါပဲလို့ ဆက်ပြောပါတယ်။

 

“နယ်မြေခံတွေ ကျေးရွာသူရွာသားတွေ နားလည်အောင်ရှင်းပြပြီး အကုန်လုံးစုပေါင်းလုပ်ဆောင်ခဲ့လို့သာ ဒီလိုမျိုး အိမ်အလုံး ၁၂၀ဝ ထိကို ၂၀၂၃ ခုနစ်ကစပြီး အခု ၂၀၂၄ အထိ ဆောက်လုပ်နိုင်ခဲ့ကြတာပါ” လို့ အညာသား ပရဟိတသမားကြီးက ပြောပါတယ်။

 

အိမ်တွေဆောက်ပေးနိုင်ဖို့ လိုအပ်တဲ့ ငွေကိုတော့ ပြည်တွင်းပြည်ပအလှူရှင်တွေဆီက ရရှိပေမဲ့ အိမ်ဆောက်ရင်သုံးတဲ့ သစ်တွေ၊ ဝါးတွေကိုတော့ တောထဲမှာ သွားခုတ်ရတာမျိုးတွေရှိပါတယ်။ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေရှိခဲ့တာကြောင့် ကူညီလှူဒါန်းဖို့သွားရောက်တဲ့အခါ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေနဲ့ ကြုံတွေရတဲ့အခက်အခဲတွေကိုလည်း ရင်ဆိုင်ကြရပါတယ်။

 

ဒီလိုအခက်အခဲတွေကြောင့် S&C အဖွဲ့ဟာ စစ်ကောင်စီကြောင့် ပျက်ဆီးရတဲ့ အိမ်တွေတိုင်းကို ပြန်ဆောက်ပေးနိုင်တာမျိုးမရှိပါဘူး။

 

အသက်အရွယ်နဲ့ ကျန်းမာရေး၊ မိသားစုအခြေအနေပေါ်ကိုမူတည်လို့ ဦးစားပေးရွေးချယ်ပြီး မဖြစ်မနေဆောက်ပေးရမယ့်သူတွေကိုပဲ‌ ဆောက်လုပ်ပေးခဲ့တာပါ။ ဦးစားပေးဆိုတာကလည်း ဘယ်သူ့ကိုအရင် ဘယ်သူ့ကိုနောက်မှဆိုပြီး ဆောက်ပေးတာမျိုးမဟုတ်ဘဲ အားလုံးကို တစ်ကြိမ်တည်းနဲ့ အပြီးတည်ဆောက်ပေးတာမျိုးလို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

 

“ပြန်လည်ထူထောင်ဖို့ခက်တဲ့ သက်ကြီးရွယ်အိုတို့ တော်လှန်ရေးရဲဘော်မိသားစုအိမ်တွေကို ဦးစားပေးအနေနဲ့ဆောက်လုပ်ပေးတယ်။ နောက်ပြီး လင်သားမရှိတဲ့ မုဆိုးမတွေ ဦးစားပေးဆောက်လုပ်ပေးတယ်။ တချို့ပိုက်ဆံရှိတဲ့သူတွေက ဒီလိုတဲအိမ်လေးတွေဆောက်ပေးဖို့ မတောင်းဆိုပါဘူး” လို့ သူက ဆိုပါတယ်။

 

ဆက်လက်ပြီး အိမ်ဆောက်လုပ်ပေးမှုနဲ့ပတ်သက်လို့ အခုလိုထပ်ပြောပြပါတယ်။

 

“ရွာတစ်ရွာမှာ မီးလောင်လို့ အိမ် ၃၀ဝ ပါသွားတယ်ဆိုရင် အလွန်ဆုံးအိမ်ဆောက်လုပ်ဖို့လှူရရင် ၁၅၀ တစ်ဝက်လောက်ပဲလှူရတာပါ။ ကိုယ်တိုင် ပြန်လည်တည်ဆောက်နိုင်တဲ့ ပိုက်ဆံရှိတဲ့သူတွေလည်း ပါဝင်တယ်လေ။ နောက်ပြီး (ကျပ်)နှစ်သိန်းကျော်လောက်က တော်တော်များများက တတ်နိုင်ကြတယ်။ ကျွန်တော်တို့အနေနဲ့ မတတ်နိုင်တဲ့သူတွေကို ဦးစားပေးဆောက်လုပ်ပေးရတာပေါ့” လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

 

ဆောက်လုပ်လှူဒါန်းရာမှာလည်း စစ်ကောင်စီမီးရှို့ဖျက်ဆီးခြင်းခံရတဲ့ ကျေးရွာတစ်ရွာမှာ ဆောက်လုပ်ဖို့ အိမ်ခြေဘယ်လောက်ရှိတယ်ဆိုတာ စာရင်းတောင်းခံပါတယ်။

 

ဒါ့အပြင် အိမ်ဆောက်လုပ်ဖို့ ငွေပေးတာမဟုတ်ဘဲ မြေပြင်ကတာဝန်ခံနဲ့ချိတ်ဆက်သလို ကိုယ်တိုင်ကွင်းဆင်းပြီး  ဆောက်လုပ်လိုတဲ့ မီးဘေးသင့်ပြည်သူတွေနဲ့ ကိုယ်တိုင်ဆွေးနွေးပြီးမှသာ လက်တွေ့ဆောက်လုပ်ပေးတာဖြစ်တယ်လို့ S&C အဖွဲ့ဆီကနေ သိရပါတယ်။

 

ဒါပေမဲ့ စစ်ကိုင်းတိုင်း ကျေးလက်ဒေသတွေက ပြည်သူတွေအတွက် အင်တာနက်လိုင်း၊ ဖုန်းလိုင်းလို ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ခံထားရမှုတွေကြောင့် သတင်းအချက်လက်ရရှိမှု နည်းပါးတဲ့အတွက် အခုလို အိမ်ဆောက်ပေးနေတဲ့ အဖွဲ့တွေရှိနေတယ်ဆိုတာကိုလည်း မသိကြဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

အိမ်တွေလိုက်ဆောက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီရရှိမှုကြောင့် ဒေသခံတွေအနေနဲ့ မယုံကြည်နိုင်လောက်အောင် တအံ့တသြနဲ့ ဝမ်းပမ်းတသာရှိနေတယ်ဆိုတာကိုလည်း ကိုစိုးမိုးအောင်ရဲ့ပြောစကားတွေထဲမှာ ထင်ဟပ်နေပါတယ်။

 

အခုလို ကိုစိုးမိုးအောင်တို့အပါအဝင် ပရဟိတသမားတွေရဲ့ကူညီမှုတွေရှိနေသော်ငြား အညာတခွင်မှာ ပဋိပက္ခတွေနဲ့ စစ်ကောင်စီအကြမ်းဖက်မှုတွေကြောင့် နေအိမ်မီးရှို့ခံရပြီး အိမ်လိုအပ်မှုက အလွန်များပြားနေဆဲဖြစ်ပါတယ်။

 

Data for Myanmar ရဲ့ ယခု ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံတဝှမ်း အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ့နေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

မီးရှို့ခံရမှုအများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ ဒီနှစ် ဧပြီနဲ့ မတ်လ နှစ်လထဲတင် နေအိမ်သုံးထောင်နီးပါးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar ရဲ့ စာရင်းထဲတွေ့ရပါတယ်။

 

အညာနေအိမ်တွေ မီးသင့်လို့ဘေးတွေ့နေကြရတဲ့အပြင် ပူပြင်းလှတဲ့ နွေခေါင်ခေါင်ရက်တွေမှာ မီးလောင်ပြာကျသွားတဲ့ အိမ်နေရာဟောင်းမှာပဲ သွပ်တွေတုတ်နဲ့ထောက်ပြီး အမိုးလုပ်၊ ကြမ်းအတွက် ပုဆိုးစခင်း နေရသူတွေရှိသလို မိုးကာစတွေခင်းပြီး နေကြသူတွေလည်း ရှိပါတယ်။

 

အညာတခွင် ကူညီနေတဲ့ S&C အဖွဲ့အနေနဲ့လည်း အိမ်အလှူအတွက် အလှူငွေရရှိမှု၊ ကုန်ကြမ်းရရှိမှု စတဲ့အခက်အခဲတွေနဲ့ စိန်ခေါ်မှုများစွာ ကြုံနေရသလို စစ်ကောင်စီရဲ့ အန္တရာယ်နဲ့လည်း ကြီးမားစွာရင်ဆိုင်နေရပါတယ်။

 

ဒီလို အခက်အခဲတွေကြားထဲကနေ လှူဒါန်းမှုတွေကို ရတဲ့နည်းနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ S&C မီးဘေး၊ စစ်ဘေးကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ဆိုပါတယ်။

 

အခုတော့ S&C အဖွဲ့ရဲ့ ‘အိမ်အလှူတော်’ လို့ နာမည်ပေးထားတဲ့ အဲဒီအိမ်လေးတွေမှာ စစ်ကောင်စီလက်ချက်ကြောင့် နေအိမ်တွေဆုံးရှုံးသွားရတဲ့ စစ်ဘေးသင့်သူတွေတချို့ နေထိုင်ကြပါတယ်။

 

တောထဲတောင်ထဲမှာဖြစ်သလို နေကြသူတွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ကြုံသလိုခိုကပ်နေရသူတွေလည်း အခုတော့ အညာဒေသမှာထွက်တဲ့ ဝါးကပ်၊ ဓနိမိုး၊ ထန်းလက် အမိုးအိမ်လေးတွေထဲမှာ ပြန်နေကြရပါပြီ။

 

ဒါက အညာဒေသအတွင်းရှိ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်တချို့က အခြေအနေတွေလောက်ပါပဲ။ စစ်ကောင်စီရဲ့ ရွာစဉ်မီးပတ်ရှို့လို့ နေအိမ်ပျောက်ပြီး ပြန်စရာအိမ်မရှိတော့တဲ့ ပြည်သူတွေ ကျန်ဒေသတွေမှာလည်း အမြောက်အမြားရှိနေပါသေးတယ်။

 

သင်ရော ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့မယ်ဆိုရင်…

 

ဓာတ်ပုံ – S&C မီးဘေး၊ စစ်ဘေးကူညီစောင့်ရှောက်ရေးအဖွဲ့