ကမ္ဘာ့ရွှေဈေး ထိုးကျပေမဲ့ ပြည်တွင်းရွှေဈေး ၅၂ သိန်းနီးပါးက မဆင်းသေး

Author ကိုထားဝယ်
Categories
Published on May 23, 2024

ဒီနေ့ မေ ၂၃ ရက်မှာ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ထိုးကျသွားပေမဲ့ အမေရိကန်ဒေါ်လာ ထပ်တက်လို့ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သား ကျပ် ၅၂ သိန်းနီးပါးကနေ မကျဆင်းသေးဘူးလို့ ရန်ကုန်ရွှေဈေးကွက်ထဲကနေ သိရပါတယ်။

 

ကမ္ဘာ့ရွှေဈေးဟာ မနေ့ မေလ ၂၂ ရက်ကထက် တစ်အောင်စ အမေရိကန်ဒေါ်လာ ၅၀ အထိ ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

 

ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်တာကြောင့် စံချိန်တင်သွားရတာလို့ ဆိုပေမဲ့ ကမ္ဘာ့ရွှေဈေးထိုးကျချိန်မှာ လိုက်ပါမကျဆင်းခဲ့ပါဘူး။

 

သို့ပေမဲ့ အမေရိကန်ဒေါ်လာဈေးကတော့ မကျဆင်းသေးဘဲ ဆက်လက်မြင့်တက်လာနေပြီး မနေ့ မေလ ၂၂ ရက် ကထက် တစ်ဒေါ်လာ ၅၀ ကျပ်အထိ မြင့်တက်သွားတယ်လို့ ငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။

 

ကမ္ဘာ့ရွှေဈေးဟာ မနေ့က တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၄၁၄ ကနေ ဒီနေ့မှာ ၂၃၆၄ ဒေါ်လာအထိကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာဈေးကတော့ မနေ့က တစ်ဒေါ်လာ ၄၀၇၀ ကျပ်ကနေ ဒီနေ့မှာတော့ တစ်ဒေါ်လာ ၄၁၂၀ ကျပ်အထိ မြင့်တက်သွားပါတယ်။

 

ပြည်တွင်းရွှေဈေးကတော့ ၁၆ ပဲရည် တစ်ကျပ်သား ၅၁ သိန်း ရှစ်သောင်းကျပ်ရှိတယ်လို့ ရန်ကုန်မြို့ရဲ့အဓိကရွှေဈေးကွက် ရွှေဘုံသာရွှေဈေးကွက်ထဲကနေ သိရပါတယ်။

 

ဒီလို ပြင်ပရွှေဈေးဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီလက်ဝေခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ဒီနေ့ဈေးနှုန်းထုတ်ပြန်ချက်တွေမှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၉ သိန်း ကိုးသောင်းကိုးထောင့်ကိုးရာကနေ မပြောင်းလဲသေးပါဘူး။

 

ဓာတ်ပုံ – CJ Platform

 

ပုံစာ – မေလ ၁ ရက်ကနေ ၂၃ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးအခြေပြဇယား