ဂြိုဟ်တုမြေပုံများက ပြောပြသည့် ဘူးသီးတောင်မီးလောင်မှု

Author ပြည်စိုး၊ အဂ္ဂ
Categories
Published on May 23, 2024

ဘူးသီးတောင်မြို့နှင့် အနီးတဝိုက်က မီးလောင်ကျွမ်းမှုများကို စစ်ကောင်စီက အာရက္ခတပ်တော်(AA) ရှို့သည်။ အာရက္ခတပ်တော်(AA)က စစ်ကောင်စီရှို့သည်ဟူ၍ အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်နေကြသည်။

ထိုမီးလောင်မှုများနှင့်ပတ်သက်၍ CJ Platform က အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာန(NASA) အဖွဲ့ထံမှ ဂြိုလ်တုမြေပုံများကို အသုံးပြုပြီး မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးမှုများမှ စုံစမ်းရရှိထားသည့် အချက်အလက်များကို ဖော်ပြအပ်ပါသည်။

NASA Fire Information for Resource Management System မှတစ်ဆင့် မေလ(၁၆)ရက်နေ့ ဘူးသီးတောင်မြို့နှင့် အနီးဝန်းကျင်မြင်ကွင်းများတွင် မီးလောင်မှုဖြစ်စဉ်များကို မမြင်တွေ့ခဲ့ရပေ။

NASA Fire Information for Resource Management System မှပြသနေသည့် အချက်အလက်များအရ အာရက္ခတပ်တော်က ဘူးသီးတောင်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်မှု မရှိသေးသည့် မေလ(၁၇)ရက်နေ့တွင် မြို့နှင့် အနီးဝန်းကျင်များတွင် မီးလောင်မှုဖြစ်စဉ်များကို ဆိုးဝါးစွာမြင်တွေ့ရသည်။

CJ Platform က ဂြိုဟ်တုမြေပုံများကို တိုက်ဆိုင်စစ်ဆေးကာ မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာဒေသများကို အနီးကပ်ဆုံး အတည်ပြုခဲ့သည်။ မြေပြင်သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်းကြောင့် မြေပြင်အခြေအနေနှင့် အနည်းငယ်ကွာဟမှုများ ရှိနိုင်သော်လည်း ယင်းဒေသများတွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဆိုသည့် အတည်ပြုချက်ကိုမူ ကောက်ချက်ချနိုင်သည်။

မီးလောင်ကျွမ်းမှုများနှင့်ပတ်သက်၍ စစ်ကောင်စီနှင့်အချို့သော အဖွဲ့အစည်းများမှ အာရက္ခတပ်တော်မှ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း အာရက္ခတပ်တော်မှမူ ယင်းဖြစ်စဉ်ကို ငြင်းဆန်ထားသည်။

စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကောင်စီနှင့်အတူပူးပေါင်းနေသည့် ဒေသတွင်းအဖွဲ့အစည်းများမှ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ရုပ်သံမှတ်တမ်းများဖြင့် အာရက္ခတပ်တော်မှလည်း ပြန်လည်တုံ့ပြန်သည်။

 

အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် အင်အားအကြီးဆုံးဖြစ်သည့် ဘူးသီးတောင်မြို့ကို မေလ(၁၈)ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။

 

ထိုသို့ AA က အလုံးစုံထိန်းချုပ်ခဲ့သော လေးရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ မေလ ၂၂ ရက်နေ့တွင်မူ ဘူးသီးတောင်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် မည်သည့်မီးလောင်မှုဖြစ်စဉ်များကိုမျှ မြင်တွေ့ရခြင်း မရှိတော့သည်ကို စိစစ်တွေ့ရှိရသည်။

 

 

Related News

Depend on news