ခလရ-၂၇၅ တပ်စခန်းတွင် စစ်ကောင်စီ အလံ ပြန်တင်

Author လင်းနွေဦး
Categories
Published on Apr 23, 2024

ကရင်ပြည်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီ မြို့စောင့်တပ် ခလရ-၂၇၅ တပ်စခန်းအတွင်း နိုင်ငံတော်အလံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပြန်တင်နေသည့် ရုပ်သံဖိုင်တစ်ခု ယနေ့နေ့လယ်ပိုင်းမှစတင်ကာ လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့လာခဲ့သည်။

 

သို့သော် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် ခလရ ၂၇၅ ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စခန်းချတပ်စွဲထားခြင်းမရှိတော့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယခုလူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်အတွင်း ခါးတွင် ပစ္စတိုထိုးထားသည့် အရာရှိဟုယူဆရသည့် တပ်မ(၄၄)ဘက်တံဆိပ် တပ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ခလရ(၂၇၅)အတွင်း နိုင်ငံတော်အလံကိုလွှင့်ထူကာ အလေးပြုခဲ့သည်ကို တွေ့မြင်ရသည်။

 

ယင်းရုပ်သံနှင့်အတူ ထွက်ပေါ်လာသော ဓာတ်ပုံများအတွင်း အလံလွှင့်တင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်အတူ BGF ဘတ်တံဆိပ်ဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်တစ်ဦး တွဲရိုက်ထားသည်ကို တွေ့မြင်ရသည်။

 

လက်ရှိတွင် မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်သွယ်ရေးတံတား အမှတ်(၂)အနီးတွင် တိုက်ပွဲများပြန်လည်ငြိမ်သက်နေသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ KNA( ယခင် BGF)၊ စစ်ကောင်စီ၊ ထိုင်းနိုင်ငံအာဏာပိုင်အချို့နှင့် လေးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုအချို့ လုပ်ဆောင်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ဧပြီ ၁၁ ရက် ခလရ-၂၇၅ တပ်သိမ်းတိုက်ပွဲအတွင်း တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ကျော် လက်နက်မချဘဲ အမှတ် ၂ တံတားအနီးသို့ ထွက်ပြေးပုန်းအောင်းနေခဲ့သည်။ ၎င်းတို့ကို ဧပြီလ ၁၉ ရက် ည ၇ နာရီခန့်မှစတင်ကာ ဒရုန်းများဖြင့် ဗုံးများ ကြဲချတိုက်ခိုက်သည်။

 

ထို့နောက် ဧပြီလ ၂၀ ရက် နံနက်အစောပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာတွင် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးကာ တပ်မ(၄၄) တပ်မမှူး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထုတ်ပြန်ပြောဆိုမှုများအရ သိရသည်။

 

မြဝတီမြို့ပေါ်ရှိ နယ်မြေလုံခြုံရေးအတွက် ဖွဲ့စည်းထားသည့် ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသားတပ်မတော်(KNA)(ယခင် BGF)တပ်ဖွဲ့မှာလည်း တိုက်ပွဲများပြင်းထန်ခဲ့သည့် အစောပိုင်းတိုက်ပွဲများအတွင်း KNLA/PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးမှုများရှိခဲ့သော်လည်း ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်းကာ မြဝတီမြို့တွင်း လှည့်လည်ကင်းလှည့်မှုများရှိနေသည်ဟု မြဝတီဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

ရုပ်သံ – လူမှုကွန်ရက်