မလေးရှားတွင် စစ်ရေးပြအကြိုလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ် ၂ စင်းတိုက်မိ၊ ၁၀ ဦးသေဆုံး

Author လင်းနွေဦး
Categories
Published on Apr 23, 2024

မလေးရှားနိုင်ငံ၊ ပရက်ခ်ပြည်နယ်၊ လူမွတ်(Lumut)မြို့ရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုတွင် ယနေ့ဧပြီလ ၂၃ ရက် ဒေသစံတော်ချိန် ၉ နာရီခွဲခန့်၌ စစ်ရဟတ်ယာဉ် နှစ်စင်း စစ်ရေးပြအခမ်းအနားအတွက် လေ့ကျင့်ပျံသန်းနေစဉ် အချင်းချင်းတိုက်မိရာမှ ဆယ်ဦးသေဆုံးကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

 

တော်ဝင်ရေတပ်စစ်ရေးပြလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ် ခုနစ်စင်း ပျံတက်သွားသည့်အနက် ညာဘက်အစွန်ဆုံးတွင် နေရာယူထားသည့် ရဟတ်ယာဉ်နှစ်စင်းမှာ လမ်းကြောင်းပြောင်းစဉ် တိုက်မိပျက်ကျခဲ့ခြင်းဖြစ်သည်။

 

“ရဟတ်ယာဉ်ပေါ်ပါ လူတွေအကုန်လုံး အသက်ရှင် ကျန်ရစ်သူမရှိပါဘူး။ သူတို့ရဲ့ ရုပ်အလောင်းတွေကို လူမွတ်စခန်းမှာရှိတဲ့ စစ်ဆေးရုံမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့ ပို့ဆောင်ထားပါတယ်” ဟု မလေးရှားတော်ဝင်ရေတပ်က ထုတ်ပြန်ပြောဆိုသည်။

 

စစ်ရဟတ်ယာဉ် နှစ်စင်း စစ်ရေးပြမှုအတွင်း တိုက်မိသည့်ဖြစ်စဉ်ကို လူမှုကွန်ရက်တွင် ပျံနှံ့လာသည့် ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပြီး ရုပ်သံဖိုင်မှာ အမှန်တကယ်ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကလည်း အတည်ပြုထုတ်ပြန်ထားသည်။

 

ထိုရုပ်သံဖိုင်အတွင်း ရဟတ်ယာဉ်ခုနစ်စင်းအနက် နှစ်စင်းသည် ပန်ကာချင်း တိုက်မိပြီးနောက် ပျက်ကျခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

 

မလေးရှားတော်ဝင်ရေတပ်မှ ယခုကဲ့သို့ စစ်ရဟတ်ယာဉ် နှစ်စင်း တိုက်မိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့် ပယောဂများ၊ လွဲချော်မှုများ ရှိ/မရှိကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရုပ်သံ – လူမှုကွန်ရက်

 

Related News

Depend on news