စစ်အုပ်စုရဲ့ လက်ကျန်ခံစစ်စခန်းက တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်အုပ်စုရဲ့ လက်ကျန်ခံစစ်စခန်းဖြစ်တဲ့ ကန်နီကျေးရွာ အထိုင်တပ်က ကင်းလှည့်လည်လာတဲ့ စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
မနေ့က မတ် ၂၂ ရက် မနက်ပိုင်းမှာ မြိုင်မြို့ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာမှာရှိတဲ့ ကန်နီစခန်းကနေ အင်အား ၂၀ ခန့်နဲ့ ထွက်လာတဲ့ ပျူစောထီး ကင်းလှည့်အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့တွေ ကင်းပတ်ကြတာပါ။ တိုက်ခိုက်မှုအတွင်းကတော့ ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ပျူစောထီးတပ်သားတွေ ကင်းပတ်ထွက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ကန်နီစခန်းအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ပျူစောထီး ၃ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကိုတော့ အညာမြေတပ်ပေါင်းစုနဲ့အတူ ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇) တပ်ရင်းတွေက စုပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြိုင်မြို့နယ်အတွင်းက ဝတ်ပုတ်၊ သရက်ကွ၊ ကိုင်းတောမ နယ်မြေရဲစခန်းတွေနဲ့ Well 2 ရေနံမြေစခန်းတို့ကို တော်လှန်ရေးအင်အားစုတွေက အပိုင်စီးထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ စစ်အုပ်စုအနေနဲ့ကတော့ ကန်နီ၊ သရက်ကန်နဲ့ တွင်းမစတဲ့ တပ်စခန်း ၃ ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
အညာမြေတပ်ပေါင်းစုအနေနဲ့ စစ်ရေးဗျူဟာအရ မစ်ရှင်တွေကို ခေတ္တကြန့်ကြာနေခဲ့ပေမယ့် အခုအခါ စစ်ဆင်ရေးသတင်းတွေ ခပ်စိတ်စိတ် ပြန်လည်ကြားသိရတော့မယ်ဆိုတဲ့အကြောင်းကို အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက အသိပေးပြောကြားပါတယ်။
