စစ်ကော်မရှင် လက်အောက်ခံ ဝန်ထမ်းတွေ ဗုဒ္ဓဟူးနေ့တိုင်း ရုံးတက်စရာမလို

Author CJ Platform
Categories
Published on Mar 23, 2026

လောင်စာဆီအခက်အခဲ ကြုံတွေ့နေရချိန် စက်သုံးဆီ ချွေတာဖို့အတွက် ဗုဒ္ဓဟူးနေ့တိုင်း ရုံးတက်စရာမလိုဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ (Work from Home) စစ်ကော်မရှင်က မနေ့က မတ် ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

အစိုးရဝန်ထမ်းတွေအနေနဲ့ အခုလာမယ့် မတ် ၂၅ ရက် (ဗုဒ္ဓဟူးနေ့) ကစတင်ပြီး သက်ဆိုင်ရာ ရုံးဌာနတွေကို သွားရောက်တာမျိုး လုပ်ဆောင်ဖို့မလိုဘဲ မိမိနေအိမ်၊ အဆောင်တွေကနေသာ ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အစိုးရဝန်ထမ်းတွေအနေနဲ့ တာဝန်မှအပ ခရီးသွားလာတာမျိုးကို မလုပ်ဆောင်ဖို့နဲ့ ယာဉ်သုံးစွဲမှု မပြုလုပ်ကြဖို့ကို ပြောဆိုထားပြီး ဒါဟာ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီ ပြတ်လပ်မှုအခြေအနေ ကြုံတွေ့လာရနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အိမ်ကနေ အလုပ်လုပ်ဆောင်ဖို့ကို အစိုးရရုံးတွေသာမက ပုဂ္ဂလိကအလုပ်တွေနဲ့ ကုမ္ပဏီလုပ်ငန်းတွေပါ အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်ဖို့ကိုလည်း စစ်ကော်မရှင်က ပြောထားပါတယ်။

 

စက်သုံးဆီ ချွေတာဖို့အတွက် စစ်ကော်မရှင်က နိုင်ငံတွင်းမှာရှိတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စုံ/မ ခွဲကာ ရက်ကန့်သတ် မောင်းနှင်စေသလို စက်သုံးဆီ ဝယ်ယူရာမှာလည်း Barcode၊ QR code စနစ်တွေနဲ့သာ ဝယ်ယူဖို့ လုပ်ဆောင်ထားပြီး မကြာခင်မှာ မော်တော်ယာဉ် အင်ဂျင်ပါဝါအလိုက် စက်သုံးဆီ ရောင်းချတဲ့ စနစ်ကိုလည်း ကြေညာသွားမယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news