မဲစာရင်းနံပါတ်မေးလို့ မဖြေနိုင်သူတွေကို စစ်အုပ်စုက ဖမ်းဆီးနေ


စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ၊ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား ( ရတနာပုံ) ပေါ်ကနေ ဖြတ်သန်းသွားလာသူတွေကို စစ်အုပ်စုက တားဆီးပြီး မဲစာရင်းနံပါတ်တွေ မေးမြန်းပြီးနောက် မဖြေနိုင်သူတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်အုပ်စုက အခုလို မေးမြန်းဖမ်းဆီးမှုကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းကစလို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မဲစာရင်းမကြည့်တာကို အပြစ်တစ်ခုသဖွယ် အသုံးချကာ ဖမ်းဆီးတာပဲ ဖြစ်ပါတယ်။

 

“ဖမ်းတာက များတယ် တံတားပေါ်ဆို ကျောက်ဝိုင်းသွားတဲ့ဟာတွေကားပေါ်ကနေဆွဲချတာ မဲနံပါတ် ရပ်ကွက် ၊ မဲစာရင်းမဲနံပါတ်ကိုမေးတာ မဖြေနိုင်ရင်ဖမ်းနေတာ။ အခု လမ်းအသွားအလာတွေကို မဲစာရင်းမကြည့်လို့နဲ့တူတယ်။ ရစ်စရာမရှိရှာကြံရစ်ပြီးဆွဲချတာပါ” လို့ မြို့ခံတစ်ဦးက CJ platform ကိုပြောခဲ့ပါတယ်။

 

မဲစာရင်း မကြည့်ရသေးသူတွေ မဲစာရင်းနံပါတ်ကို မပြောနိုင်သူတွေကို စစ်အုပ်စုက စစ်ကိုင်းမြို့ အထွေထွေ အုပ်ချုပ်ရေးရုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

 

“ စစ်မှုထမ်းလည်းဆွဲရင်း မဲစာရင်းမသိလို့လည်းဆွဲရင်း နှစ်မျိုးလုပ်သွားတာ။ ဖမ်းခံရလို့ ပါသွားတာတွေဆို ကျွန်တော်အသိထဲ က လူသုံးယောက်ပါသွားတယ်၊ မိသားစုဝင်တွေ အခုထိ တွေ့ခွင့်မရသေးဘူး ” လို့ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်မှာ အခြား စစ်ကိုင်းမြို့ခံ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောခဲ့ပါတယ်။

 

စစ်အုပ်စုက သူတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပထမပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စစ်အုပ်စုရဲ့ရွေးကောက်ပွဲရက်ပိုင်းအလိုမှာပင် စစ်ကိုင်းမြို့မှာ အခုလိုဖမ်းဆီးတာတွေလုပ်ခဲ့တာဖြစ်ပါတယ်။

 

အခုလိုဖမ်းဆီးမှုတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ စစ်အုပ်စုဟာ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေ ၊ မြို့တွင်းက မန္တလေး-မုံရွာလမ်းမကြီးပေါ်နဲ့ စစ်ကိုင်းတံတားပေါ်မှာ ဖမ်းဆီးတာတွေလုပ်ဆောင်လေ့ရှိပြီး ဆယ်နဲ့ချီတဲ့ငွေကြေးတောင်းတာတွေ ၊ စစ်မှုထမ်းစေလွှတ်တာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဒေသခံတွေ အဆိုအရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်