ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံထားရသူ ၃၀၀ နီးပါးရှိလာပြီး ၅၀ ကျော် ဖမ်းဆီးခံထားရ
စစ်အုပ်စုက သူတို့ကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်တဲ့ ပြည်သူတွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေပြီး ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်အထိ အမှုဖွင့်ဖမ်းဆီးခံထားရသူ ၃၀၀ နီးပါးအထိရှိလာနေပြီဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ပြည်သူတွေအပါအဝင် ၁၁ ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စစ်အုပ်စုက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် လေးလအတွင်း ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ၅၃ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။
ဒါဟာ လာမယ့်ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပဖို့ပြင်ဆင်နေတဲ့ စစ်အုပ်စုက သူတို့ကို ဝေဖန်နေတဲ့ ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖမ်းဆီးအရေးယူမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတာဖြစ်ပြီး ရွေးကောက်ပွဲဥပဒေ အမှုဖွင့်ခံထားရသူ ၂၃၀ ကျော်ရှိလာနေတာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မှုရှိရမယ်လို့ စစ်အုပ်စုက အကြိမ်ကြိမ်ပြောဆိုနေပေမဲ့ ရွေးကောက်ပွဲကိုဝေဖန်လို့ ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၂၃(က)၊ ၂၄(က) တို့နဲ့ အမှုဖွင့်ခံထားရသူ၊ ဖမ်းဆီးခံထားရသူတွေရှိနေသလို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၂၃(ခ)၊ ၂၄(ခ) တို့နဲ့လည်း အမှုဖွင့်ခံထားရသူ၊ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။
လူသိများထင်ရှားပြီး အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ ကျော်ဝင်းထွဋ်၊ အုန်ဒိုင်းတို့ကိုလည်း စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၃(က) နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ထားနိုင်သလို ရွေးကောက်ပွဲဥပဒေနဲ့ ပထမဆုံးဖမ်းဆီးခံခဲ့ရတဲ့ ရှမ်းပြည် တောင်ကြီးမြို့ အေးသာယာရပ်ကွက်က ကိုနေသွေးကိုလည်း ထောင်ဒဏ်ခုနစ်နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ထားပါသေးတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဆန့်ကျင်လှုံ့ဆော်တဲ့စာတွေကို ဖြန့်ဝေတယ်လို့ဆိုကာ လှိုင်သာယာမြို့နယ်က အသက် ၂၃ နှစ်အရွယ် ကိုရန်နိုင်ကြည်ဝင်းနဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ်တို့ကိုလည်း စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေ ၂၃(က) နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် နောက်ထပ်အမှု ခုနစ်ခုနဲ့ ထပ်မံအမှုဖွင့်တရားစွဲဆိုကာ ထောင်ဒဏ်နှစ် ၅၀ နီးပါးအထိ ချမှတ်ထားပါသေးတယ်။
အခု ဒီဇင်ဘာ ၁၇ ရက်ကလည်း ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲဥပဒေ ၅၈ (ဂ) နဲ့ အမှုဖွင့်ခဲ့ပါသေးတယ်။ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ချိန် “တော်လှန်ရေး”၊ “အရေးတော်ပုံ” စတဲ့ အသုံးအနှုန်းတွေ သုံးစွဲခဲ့တာကြောင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်လို့ဆိုကာ စစ်အုပ်စုက အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
