ပြည်သူ့ပါတီက အမတ်လောင်းတစ်ဦး ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ပါတီကနေ နုတ်ထွက်


ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက အမတ်လောင်းတစ်ဦးဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ (PP) ကိုယ်စားပြုပြီး မန္တလေးတိုင်း၊ အမရပူရမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လွင်လွင်မာက ပါတီကနေ နုတ်ထွက်ဖို့ စာတင်ထားတယ်လို့ ပြည်သူ့ပါတီ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးပါပါလွင်က အတည်ပြုပြောပါတယ်။

 

ပြည်သူ့ပါတီကနေ နုတ်ထွက်ဖို့အတွက် ဒေါ်လွင်လွင်မာက မန္တလေးတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌနဲ့ အမရပူရမြို့နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌတို့ထံ ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ စာတင်ထားပေမယ့် နုတ်ထွက်ခွင့်နဲ့ပတ်သက်ပြီး ပါတီဘက်က မဆုံးဖြတ်ရသေးဘူးလို့ ဦးပါပါလွင်က CJ Platform ကို ပြောပါတယ်။

 

“စာတင်ထားတာပါခင်ဗျ၊ ကျွန်တော်တို့က နုတ်ထွက်ခွင့်မပြုသေးပါဘူး” လို့ ဦးပါပါလွင်က ပြောပါတယ်။

 

ဒေါ်လွင်လွင်မာဟာ စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း ၂ မှာ အမရပူရမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒေါ်လွင်လွင်မာက မန္တလေးတိုင်း ပြည်သူ့ပါတီ အလုပ်အမှုဆောင်တာဝန်ကို ထမ်းဆောင်နေသူလည်းဖြစ်သလို အမရပူရမြို့နယ် ပြည်သူ့ပါတီ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

 

သူ့ရဲ့ နုတ်ထွက်စာမှာတော့ ပြည်သူ့ပါတီရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ခြင်း မရှိတော့တဲ့အတွက် ပါတီကနေ မိမိသဘောဆန္ဒနဲ့ နုတ်ထွက်ကြောင်း ဖော်ပြထားပေမယ့် သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာတော့ “မိသားစု စားဝတ်နေရေးအတွက် အလုပ်တွေက ပါတီနိုင်ငံရေး ကင်းရှင်းမှ အဆင်ပြေမှာမို့ပါ။ ကိုယ့်ကြောင့်လည်း ပါတီ ထိခိုက်မှာ မလိုလားတာကြောင့်” လို့ ဖော်ပြထားပါတယ်။

 

ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကို ဝင်ရောက်ယှဉ်ပြိုင်ချိန် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာသာ အနိုင်ရရှိထားပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အနိုင်ရရှိထားတာ မရှိသေးပါဘူး။

 

ဓာတ်ပုံ – ဒေါ်လွင်လွင်မာ Facebook