ပဲခူးမြို့နယ် တစ်ခုတည်းမှာပင် စစ်အုပ်စုရဲ့ မဲပေးစက် ပျက်စီးချို့ယွင်းခဲ့တဲ့ မဲရုံ ၂၁ခုထိ ရှိ
စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပခဲ့တဲ့ ပဲခူးတိုင်း ပဲခူးမြို့နယ်တွင် မဲရုံ ၂၁ခုရှိ မဲပေးစက် ၂၂ခု ပျက်စီးချို့ယွင်းခဲ့တယ်လို့ CJ Platform ထံ ပေါက်ကြားလာတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အစီရင်ခံစာ အရ သိရပါတယ်။

CJ Platform မှ လက်ခံရရှိထားသည့် ပေါက်ကြားလာသော အစီရင်ခံစာတွင် ပဲခူးမြို့နယ်အတွင်းရှိ မဲရုံများဖြစ်သည့် တာဝမဲရုံ အမှတ်(၁)၊ ရှင်စောပုမဲရုံ အမှတ် (၁/၂) ၊ အင်းတကော်မဲရုံ အမှတ်(၂)၊ ညောင်ဝိုင်းမြောက်မဲရုံ၊ ထုံးကြီးမဲရုံ အမှတ်(၂)၊ လိပ်ပြာကန်မဲရုံ အမှတ်(၁)၊ နန်းတော်ရာမဲရုံ အမှတ်(၂) အမှတ်(၃) အမှတ်(၇)၊ မြို့တွင်းကြီးမဲရုံ အမှတ်(၁)၊ အင်းတကော်မဲရုံ အမှတ်(၃)၊ မယင်းမဲရုံ အမှတ်(၂)၊ လက်ပန်ခုံမဲရုံ အမှတ်(၁)၊ ထက်နောက်မဲရုံ အမှတ်(၁)၊ မြို့သစ်မဲရုံ အမှတ်(၂)၊ စိုင်ဒီမဲရုံ အမှတ်(၁)၊ လသာကုန်းမဲရုံ အမှတ်(၁)၊ ပန်းလှိုင်မဲရုံ အမှတ်(၁)၊ ကလိမဲရုံ အမှတ်(၂)တို့မှာ မဲပေးစက် တစ်လုံးစီ ချို့ယွင်းပျက်စီးခဲ့ပြီး ဥဿာ(၆) မဲရုံအမှတ်(၁)မှာတော့ မဲပေးစက် ၂လုံး ချို့ယွင်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်နေ့က ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ဇန်နဝါရီ ၁၁ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယပိုင်းတွေမှာ စစ်အုပ်စုက ထုတ်လုပ်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက် ( Myanmar Electronic Voting Machine – MEVM ) တွေဟာ ချို့ယွင်းချက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ မဲပေးစက်ချို့ယွင်းမှုတွေကို အတိကျ ထုတ်ပြန်ထားတာ မရှိခဲ့ပါဘူး။

စစ်အုပ်စုရဲ့ မပြီးဆုံးနိုင်သေးသော အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းကို လာမယ့် ဇန်နဝါရီ ၂၅ရက်နေ့မှာ ဆက်လက် ကျင်းပဖို့ရှိနေပြီး ရွေးကောက်ပွဲ တတိယပိုင်း မကျင်းပရသေးမီအချိန်မှာပင် စစ်တပ်နောက်ခံ ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစိုးရဖွဲ့နိုင်သည့် ကိုယ်စားလှယ်အရေအတွက်ကို အနိုင်ရရှိထားပြီလို့ ကြွေးကြော်ထားပါတယ်။
