လောင်းလုံးမြို့နယ်မှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးရွားလာ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါးပြန့်နှံ့မှုဟာ စိုးရိမ်ဖွယ်ရာအခြေအနေကို ရောက်ရှိနေတာကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပိုမိုအားကောင်းစွာ ပူးပေါင်းကြဖို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (လောင်းလုံးမြို့နယ် ပလဖ) က တိုက်တွန်းပြောကြားပါတယ်။
လောင်းလုံးမြို့နယ်အတွင်းမှာ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် လူငယ်တွေအထိ မူးယစ်ဆေးဝါး သုံးစွဲမှုတွေရှိနေသလို၊ မူးယစ်ရမ်းကားမှုတွေ သိသိသာသာတိုးပွားလာနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဆီက သိရပါတယ်။
“ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းခဲ့ရတဲ့ အမှုတွေထဲမှာ ပတ်ဝန်းကျင် ဆူပူသောင်းကျန်းတာနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက အတော်လေးကို ဖြစ်ပွားမှုများနေပါတယ်။ ဒါတွေကို စစ်ဆေးမေးမြန်းကြည့်တဲ့အခါ ကျူးလွန်သူ အတော်များများဟာ မူးယစ်ဆေးဝါး သုံးစွဲထားတာကို တွေ့ရပါတယ်” လို့ လောင်းလုံးမြို့နယ် ပလဖ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းပပျောက်စေရန်အတွက် ပြည်သူလူထုအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ သတင်းပေးပို့ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။
ဒါကြောင့် လောင်းလုံးမြို့နယ် ပလဖအနေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ မူးယစ်ဆေးဝါးသတင်းရယူမှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေရာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာက နေအိမ်တစ်လုံးအတွင်း သတင်းအရရှာဖွေရာမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို WY စိတ်ကြွဆေးပြား ၂၃၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာလည်း လောင်းလုံးမြို့နယ်အတွင်းမှာ WY စိတ်ကြွဆေးပြား ၂၅ ပြားနဲ့အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
အဲဒီဖမ်းဆီးရမိထားသူတွေကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ပြည်သူအများစုက ပိုမိုအားကောင်းစွာ ပူးပေါင်းပါဝင်လာနိုင်စေရန် စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ကြိုးစားဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
