ဝမ် ဘီလီယံ ၂၀ ကျော် အခွန်ရှောင်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရတဲ့ ချာအွန်ဝူး
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသား ASTRO အဖွဲ့ဝင် Cha Eun Woo (ချာအွန်ဝူး) ဟာ ဝင်ငွေခွန် ရှောင်တိမ်းမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
သူ့ရဲ့မိခင်ဖြစ်သူ တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုကို အသုံးချပြီး အခွန်လျှော့ပေါ့အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားအခွန်ဦးစီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆိုးလ်ဒေသဆိုင်ရာ အခွန်ရုံးရဲ့ စုံစမ်းစစ်ဆေးရေးဌာန ၄ ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက Cha Eun Woo ကို အခွန်ရှောင်မှု သံသယနဲ့ စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအပြီးမှာ အမျိုးသားအခွန်ဦးစီးဌာနကနေ Cha Eun Woo ကို ဝမ် ဘီလီယံ ၂၀ ကျော် (အမေရိကန်ဒေါ်လာ ၁၃.၆ သန်းခန့်) ရှိတဲ့ အပိုဆောင်း ဝင်ငွေခွန်တွေကို ပေးဆောင်ဖို့ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အခွန်ဦးစီးဌာနက ထောက်ပြထားတဲ့ အဓိကပြဿနာကတော့ Cha Eun Woo ရဲ့ ဝင်ငွေစီးဆင်းမှု ပုံစံပဲ ဖြစ်ပါတယ်။ သူဟာ Fantagio အေဂျင်စီအောက်မှာ ရှိနေပြီးသား ဖြစ်ပေမယ့်၊ သူ့ရဲ့ မိခင်ဖြစ်သူကနေ သီးခြားတည်ထောင်ထားတဲ့ မိသားစုကုမ္ပဏီ (Corporation A) နဲ့ ဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ်တွေ ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သူရရှိတဲ့ ဝင်ငွေတွေကို Fantagio၊ မိသားစုကုမ္ပဏီနဲ့ သူ့ကိုယ်ပိုင် အမည်ပေါက်ဆိုပြီး ၃ ပုံခွဲလိုက်တဲ့အတွက် ပေးဆောင်ရမယ့် အခွန်နှုန်းထားဟာ သိသိသာသာ လျော့နည်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ အဲဒီ မိသားစုကုမ္ပဏီဟာ တကယ့်လက်တွေ့ လုပ်ငန်းလည်ပတ်မှု မရှိဘဲနဲ့ အခွန်ရှောင်ဖို့ သက်သက် ဖန်တီးထားတဲ့ “Paper Company” တစ်ခုသာ ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး Cha Eun Woo ရဲ့ အေဂျင်စီဖြစ်တဲ့ Fantagio က “လက်ရှိမှာ အဓိက အငြင်းပွားနေတဲ့ အချက်ကတော့ မိခင်ဖြစ်သူ တည်ထောင်ထားတဲ့ ကုမ္ပဏီဟာ တကယ့်လက်တွေ့ လုပ်ငန်းလည်ပတ်နေတဲ့ အဖွဲ့အစည်း ဟုတ်၊ မဟုတ်ဆိုတဲ့ အချက်ပါပဲ။ အခုချိန်အထိတော့ ဘာကိုမှ အတည်ပြုချက် မရသေးသလို၊ တရားဝင် အကြောင်းကြားစာလည်း မရရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ တက်တက်ကြွကြွ ရှင်းလင်းသွားဖို့ အစီအစဉ်ရှိပါတယ်” လို့ ထုတ်ပြန်ပြောကြားထားပါတယ်။
ဒါ့အပြင် Cha Eun Woo နဲ့ သူ့ရဲ့ အခွန်ဆိုင်ရာ ရှေ့နေတွေဟာ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး ပြီးမြောက်နိုင်ဖို့အတွက် အစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့၊ နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ အခွန်ပေးဆောင်မှုနဲ့ ဥပဒေကြောင်းအရ တာဝန်ယူမှုတွေကို သစ္စာရှိရှိ ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီအမှုဟာ အပြီးသတ် ဆုံးဖြတ်ချက် မထွက်သေးပေမယ့်၊ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် အမှုဖြစ်စဉ်ဟာ လူထုရဲ့ စိတ်ဝင်စားမှု အမြင့်ဆုံးမှာ ရှိနေပါတယ်။
