တိုင်းမှူးလမ်းကြောင်းလုံခြုံရေး ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ၊ ၈ ဦးသေဆုံးဟုဆို

Author CJ Platform
Categories
Published on Apr 23, 2025

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အင်ကြင်းကုန်းအုပ်စု အညာတန်းကြီးကျေးရွာရှိ ထမင်းဆိုင်မှာ တိုင်းမှူးလမ်းကြောင်းလုံခြုံရေးယူဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၂ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဆီကနေ သိရပါတယ်။

 

စစ်ကောင်စီရဲ့ တိုင်းမှူးလမ်းကြောင်း ရှိတာကြောင့် လုံခြုံရေးယူရန်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ “53” မြန်မာထမင်းဆိုင်ကို ရောက်ရှိနေချိန်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ ကိုင်းပြင်ကကြီး တံတားအောက်မှာသေတဲ့ ၂ကောင်ကို လာကောက်တယ်။ ၆ကောင်က ဆေးရုံမှာသေတာ “ လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် က CJ Platform ကိုပြောပါတယ်။

 

အဲဒီလို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံနိုင်ခြင်းမရှိပဲ ထွက်ပြေးသွားကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလို ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက မွန်းလွဲ ၂ နာရီ ခန့်မှာ Mi35 ရဟတ်ယာဉ်နဲ့ ပဲခူးရိုးမအစပ်ရှိ ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။

 

တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ တို့က ပူးပေါင်းပြီး ရန်ကုန်-ပြည်ကားလမ်းဘေး ဝဲယာတလျောက် တပ်ဖြန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ ကျေးရွာတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့်  ကျေးရွာရှိပြည်သူတွေ ကောင်းကောင်းမအိပ်ရဲတဲ့အခြေအနေတွေဖြစ်ပေါ်နေလို့ အခုလို နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က ပြောပါတယ်။

 

ပြည်သူတွေအနေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်လို့ စစ်ကောင်စီနဲ့ နီးရာတွေမှာ  သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် သတိထားနေထိုင်ကြဖို့ကိုလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတိပေး ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂