စစ်ကောင်စီက ဒီလကုန်အထိ အပစ်အခတ်ရပ်ဆဲမယ်လို့ ထုတ်ပြန်လာပြန်

Author CJ Platform
Categories
Published on Apr 23, 2025

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ရက် ၂၀ ကြာ ယာယီအပစ်ရပ်တယ်လို့ ဧပြီ ၂ ရက်နေ့က စစ်ကောင်စီက ကြေညာခဲ့ပြီး အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက် ရာကနေ ဒီလကုန်အထိ အပစ်ရပ်ထပ်တိုးတယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို စာနာထောက်ထားခြင်း၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ရက် ၂၀ ကြာ အပစ်ရပ်ကြေညာတဲ့နေ့အပြီး နောက်တစ်နေ့ဖြစ်တဲ့ ဧပြီ ၂၃ ရက်နေ့ကနေ ဧပြီ ၃၀ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် ထပ်မံထုတ်ပြန်လိုက်ပါတယ်။

 

“နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှု လျက်” ဟုဆိုကာ အပစ်ရပ်တယ်လို့ပြောပြီး ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီက ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာပင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ဗုံးကြဲခဲ့လို့ ကလေးများ အပါအဝင် အရပ်သား ၂၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရကာ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

 

ဒါ့အပြင် မွန်ပြည် ဘီးလင်းမြို့က မင်းစောကျေးရွာဘုန်းကြီးကျောင်းကို ဆွမ်းစားချိန်ဗုံးကြဲခဲ့လို့ ကိုရင်ငယ် တစ်ပါးအပါအဝင် အမျိုးသမီးကြီးနှစ်ဦးသေဆုံးကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခန်းကျေးရွာအနီးမှာလည်း အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီအနေနဲ့ ရက် ၂၀ ကြာအပစ်ရပ်တယ်ဟုဆိုကာ ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်စတဲ့ တိုင်းရင်းသားဒေသတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတို့မှာလည်း အရပ်သားပြည်သူနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေကာ စစ်ကြောင်းထိုးခြင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်မြဲအတိုင်း လုပ်ဆောင်လျက်ရှိနေပါတယ်။