တော်လှန်ရေးတပ်တွေ ဖမ်းထားစဉ် စစ်ကောင်စီပစ်ခတ်လို့သေခဲ့သူ ဗိုလ်မှူးက ကံမမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်

Author CJ Platform
Categories
Published on Apr 23, 2025

နေပြည်တော်လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး အပြန်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ကာ သေဆုံးခဲ့သူ ဗိုလ်မှူးမှာ ကံမမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သူ ဗိုလ်မှူးဖြိုးမင်းကျော်ဟာ ကံမမြို့ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ရောက်ရှိလာတာဖြစ်ပြီး  သဘောထားတင်းမာသူဖြစ်တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ့ရဲ့ သတင်းတွေကို စုံစမ်းနေသူဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ သူကသီးသန့်နေတာ၊ ပွဲတွေလည်းမတက်ဘူး။ စစ်မှုထမ်းအတွက် သူပဲလုပ်တာ။ သူနဲ့ပတ်သက်သူတွေက သတင်းပေးရင် ဖမ်းတော့တာပဲ။ ဖမ်းတဲ့သူမရှိလဲ မိသားစုဝင်တွေကို ဖမ်းတာ “ လို့ ဒီအကြောင်းသိရှိသူ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းလူငယ်တွေအတွက် ငွေကြေးနဲ့သွားရောက်ညှိနှိုင်းပါက ပြန်လွှတ်ပေးတတ်လို့ တချို့မြို့ခံတွေအနေနဲ့ သူ့ကိုသဘောကျတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

သေဆုံးခဲ့သူ စစ်ကောင်စီ ဗိုလ်မှူးက အုပ်ချုပ်ရေးမှူးတချို့ရဲ့  နိုင်ငံရေးလုပ်တယ်ဆိုပြီး သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးထောင်ချသလို တိုင်ကြားသူမရှိပါက မိသားစုကိုပင် ဖမ်းဆီး အရေးယူပြီး အသက်ကြီးသူတွေပါ ဖမ်းဆီးတာလို့ စုံစမ်းသိရှိရပါတယ်။

 

ကံမမြို့နယ်အတွင်းမှာလည်း လောင်းကစားလုပ်တာတွေကို ခွင့်မပြုတာကြောင့် အောက်ခြေဝန်ထမ်းတချို့နဲ့ မသင့်မြတ်တာတွေရှိနေပြီး ဗေဒင် ယတြာနဲ့ နတ်တွေကိုလည်းယုံကြည် သူဖြစ်တယ်လို့ သိရပါတယ်။

 

ကံမမြို့ကနေ နေပြည်တော်ကို သွားရောက်ပြီး အပြန်မှာ အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံက ဗိုလ်မှူးဖြိုးမင်းကျော် နဲ့ တပ်ဖွဲ့ဝင် နှစ်ဦးတို့ကို တော်လှန်ရေးတပ်ဖွဲ့ OPRF-PLA က ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

“ရန်သူ့ဗိုလ်မှူးနဲ့ အဖွဲ့ထံက စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေ ငွေကြေးတွေ ဖုန်းတွေ အပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော် သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ OPRF – PLA ရဲ့ တာဝန်ရှိသူတစ်ဦးက မနေ့က CJ Platform ကိုပြောပါတယ်။

 

သေဆုံးသူစစ်ကောင်စီဗိုလ်မှူးရဲ့ ဖုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းခဲ့တာကြောင့် သတင်းပေးတိုင်ကြားပြီး ဖမ်းဆီးခိုင်းသူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အရေးယူမှုခံရမှာကို စိုးရိမ်နေကြတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – PLA