“နိုင်ငံခြားငွေကြေးဈေးကွက်ထဲ ယူရိုဈေးပါကျဆင်းလာ ” “ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (မတ်လ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

ပြီးခဲ့တဲ့ အပတ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲ အခြားငွေကြေးဈေးနှုန်းတွေ ကျဆင်းနေချိန် မြင့်တက်ခဲ့တဲ့ ဥရောပယူရိုဈေးနှုန်းဟာ ဒီတစ်ပတ်မှာတော့ ကျဆင်းလာခဲ့ပါတယ်။
ဒီတစ်ပတ်မှာတော့ နိုင်ငံခြားငွေဈေးကွက်အတွင်း အပြောင်းအလဲသိပ်မရှိပဲ ပြီးခဲ့တဲ့ငွေလဲလှယ်နှုန်းတွေ နီးပါးသာရှိနေတာကို တွေ့ရပါတယ်။
ဒီတစ်ပတ်ထဲ ငွေကြေးဈေးကွက်အတွင်း ဥရောပယူရိုက ဒီတစ်ပတ်ရဲ့ အစမှာတင် ၄၈၀၀ ကျပ်ကျော်နဲ့ စတင်ခဲ့ပြီး သောကြာနေ့အထိရှိ နေရာကနေ စနေနေ့မှာတော့ ၄၇၀၀ ကျပ်ကျော်နဲ့ ဈေးကွက်ပိတ်တဲ့ အထိ ရှိခဲ့တာကိုတွေ့ရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်း နိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ်ထဲ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် စားသုံးဆီနဲ့ အခြားကုန်စည်များတင်သွင်းတဲ့ လုပ်ငန်းရှင်တွေအတွက် CMP လုပ်ငန်းများကို ဝင်ရောက်တဲ့ နိုင်ငံခြားငွေကနေ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ဒသမ၂ သန်းခန့် နေ့စဉ်ရောင်းချပေးလျက်ရှိတယ်လို့လည်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ဒီတစ်ပတ်ရက်ရဲ့ အင်္ဂါနေ့မှာတော့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းရောင်းချပေးခဲ့ပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့မှာ ကန်ဒေါ်လာ သုံးသိန်းနဲ့ တရုတ်ယွမ် တစ်သိန်းကျော် ရောင်းချပေးခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ယွမ်ငွေကို ကြာသပတေးနေ့မှာ ခုနစ်သိန်း ခုနစ်သောင်းကျော်နဲ့ သောကြာနေ့မှာ တစ်သိန်းခြောက်သောင်းကျော် ရောင်းချပေးခဲ့ပါသေးတယ်။
ဒီတစ်ပတ်ငွေကြေးဈေးကွက်ထဲ အရင်အပတ်နဲ့နှိုင်းယှဉ်ပါက ဥရောပယူရို တစ်ယူရိုကို ၂၀ ကျပ်၊ စင်္ကာပူဒေါ်လာက ၁၀ ကျပ်၊ ထိုင်းဘတ်က ၁ ကျပ်နီးပါးနဲ့ တရုတ်ယွမ်ငွေက ၁ ကျပ် ကျဆင်းသွားတာဖြစ်ပြီး ကျန်ငွေကြေးတွေကတော့ အပြောင်းအလဲမရှိတာကိုတွေ့ရပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ ကျပ်၊ ဥရောပတစ်ယူရို ၄၇၇၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၄၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၁၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၀၈ ကျပ်၊ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်နဲ့ အိန္ဒိယ တစ်ရူပီး ၅၀ ကျပ်ကျော်ဈေးရှိပါတယ်။