“နိုင်ငံခြားငွေနေ့စဉ်ထုတ်ရောင်းသလို နိုင်ငံခြားငွေဈေးတွေ ကျဆင်း” “ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

ပြင်ပနိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်ဒေါ်လာအပါအဝင် အခြား နိုင်ငံခြားငွေဈေးနှုန်းတွေ အနည်းငယ်စီ ကျဆင်းလာတာကို တွေ့ရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ်ထဲ ကန်ဒေါ်လာ နှစ်သန်းကျော်၊ တရုတ်ယွမ်ငွေ နှစ်သန်းခွဲနီပါးနဲ့ ထိုင်းဘတ် လေးသန်းနီးပါး နေ့စဉ်ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။
အဲဒီလို ရောင်းချပေးရာမှာ တနင်္လာနေ့မှာ တရုတ်ယွမ် ၉ သိန်းကျော်နဲ့ ထိုင်းဘတ် ၁ ဒသမ ၁ သန်းကျော် အင်္ဂါနေ့မှာ တရုတ်ယွမ် ၉ ဒသမ ၇ သိန်းကျော်၊ ထိုင်းဘတ် ၁ သန်း၊ ဗုဒ္ဓဟူးနေ့မှာလည်း ထိုင်းဘတ် ၁ သန်း ထပ်မံရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။
အမေရိကန်ဒေါ်လာကိုတော့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့နဲ့ ဈေးကွက်ပိတ်ချိန် ၂၁ ရက်နေ့တို့မှာ ကန်ဒေါ်လာ သန်း ၂၀ နဲ့ ၅သောင်း စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ရောင်းချပေးခဲ့တဲ့အပြင် တရုတ်ယွမ် ၆ သိန်း ၃ သောင်းကျော်နဲ့ ထိုင်းဘတ် ၉ သိန်း ၁ သောင်းကျော်ကို ရောင်းချပေးခဲ့ပါတယ်။
ဒီတစ်ပတ်ငွေကြေးဈေးကွက်ထဲ အရင်အပတ်နဲ့နှိုင်းယှဉ်ပါက ကန်တစ်ဒေါ်လာကို ၂၀ ကျပ်၊ ဥရောပတစ်ယူရိုကို ၂၅ ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာကို ၂၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၅ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၆ ကျပ်ကျဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၈၀ ကျပ်၊ ဥရောပတစ်ယူရို ၄၆၃၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၇၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၂ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၂၀ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၂ ကျပ်၊ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်နဲ့ အိန္ဒိယ တစ်ရူပီး ၅၁ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။