ကာဇန်မြို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရအပြီး ယူကရိန်းကို ပိုမိုဖျက်ဆီးပစ်မယ်လို့ ပူတင်ကြိမ်းဝါး
ရုရှားနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ကာဇန်မြို့ကို ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းနိုင်ငံကို ပိုပြီးဖျက်ဆီးပစ်မယ်လို့ ကြိမ်းဝါးပြောဆိုလိုက်ပါတယ်။
ရုရှား- ယူကရိန်း နယ်စပ်ဒေသကနေ ကီလိုမီတာ ၁၀၀၀ (၆၂၀ မိုင်)အကွာဝန်းကျင်မှာရှိတဲ့ ဇိမ်ခံတိုက်ခန်းတစ်ခုကို ထိမှန်ခဲ့တဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြီးတစ်ခုကို ယူကရိန်းဘက်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ရုရှားလူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံထဲမှာတော့ ဒရုန်းတစ်စင်းဟာ မှန်တွေကာရံထားတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုကို ထိမှန်ပေါက်ကွဲခဲ့တာကို တွေ့မြင်ရပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေမရှိဘူးလို့ ဖော်ပြကြပါတယ်။
“(ကျွန်တော်တို့ကို) ဖျက်ဆီးပစ်ဖို့ ဘယ်သူတွေက ဘယ်လိုပဲ ကြိုးပမ်းကြပါစေ။ သူတို့တွေရဲ့ ဖျက်ဆီးခြင်းထက် အဆများစွာပိုတဲ့ ပျက်စီးခြင်းတွေကိုပဲ သူတို့ခံစားရပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံထဲမှာသူတို့တွေ ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့မှုအတွက်လည်း နောင်တရစေရမယ်” လို့ ပူတင်က ယမန်နေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ပူတင်ဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ကာဇန်မြို့တည်ရှိရာ တာတာစတန်ဒေသက လမ်းဖွင့်ပွဲတစ်ခုအတွက် ပေးပို့တဲ့ ရုပ်သံဖိုင်တစ်ခုထဲမှာ အဆိုပါပြောဆိုချက်ကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ကာဇန်မြို့ကို ဒရုန်းနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က တိုက်ခိုက်ခဲ့မှုဟာ သုံးနှစ်နီးပါးကြာစစ်ပွဲအတွင်း လေကြောင်းကနေ နောက်ဆုံးတိုက်ခိုက်ခဲ့မှုဖြစ်တယ်လို့ သိရပြီး ယူကရိန်းဘက်ကတော့ အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုတာ မရှိသေးပါဘူး။
ပူတင်ဟာ အရင်ရက်တွေတုန်းကလည်း ရုရှားပိုင်နက်ထဲကို ယူကရိန်းဘက်က တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းမြို့တော် ကိဗ်မြို့အလယ်ပိုင်းကို အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါသေးတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ယူကရိန်းဘက်က အနောက်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားလေတပ်အခြေစိုက်စခန်းတွေနဲ့ လက်နက်စက်ရုံတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားဘက်က ယူကရိန်းရဲ့ စွမ်းအင်စက်ရုံနေရာတွေကို ပစ်ခတ်တိုက်ခိုက်ဖို့လည်း တောင်းဆိုထားပါတယ်။
ရုရှားဘက်က အခုလိုမျိုး ခြိမ်းခြောက်မှုတွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားဘက်က အသာစီးရနေတုန်းမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ရုရှားစစ်တပ်ဟာ အခုရက်ပိုင်းမှာပဲ ဒွန်းညက်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးပါတဲ့ ကူရာကော့ဗ်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး နောက်ထပ်ရွာနှစ်ရွာကိုလည်း ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
ရုရှားစစ်တပ်ရဲ့ ထိုးစစ်အရှိန်မြှင့်တင်လာမှုဟာ အမေရိကန်သမ္မတအပြောင်းအလဲကာလ၊ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးရင် ရုရှား-ယူကရိန်းစစ်ပွဲရပ်တန့်ဖို့ လုပ်ဆောင်မယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရုရှားဘက်က စစ်ပွဲမရပ်ခင်မှာ နယ်မြေစိုးမိုးမှုတွေ ပိုမို ရယူထားလိုတဲ့ သဘောထားတွေရှိနေပုံရတယ်လို့လည်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
သုံးနှစ်နီးပါးကြာ စစ်ပွဲမှာ ယူကရိန်းဟာ လူသားအရင်းအမြစ်ရော လက်နက်ခဲယမ်းအတွက်ပါ မလုံလောက်မှုတွေ ရှိနေပြီး စစ်ပွဲရပ်မယ်လို့ ပြောထားတဲ့ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ အထောက်အပံ့တွေမရတော့မှာကိုလည်း ယူကရိန်းဘက်က စိုးရိမ်ပူပန်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ကတော့ သူသမ္မတဖြစ်ပြီးရင် ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်တိုအတွင်းရပ်ပစ်မယ်လို့ ပြောဆိုထားပေမဲ့ ဘယ်လိုလုပ်ဆောင်မယ် ဆိုတာကိုတော့ အသေးစိတ်ပြောဆိုတာမျိုး မရှိပါဘူး။ ရုရှားသမ္မတ ပူတင်ကလည်း စစ်ပွဲရပ်ဖို့ ထရမ့်နဲ့ ဆွေးနွေးဖို့အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်မှာပဲ ပြောဆိုထားပါတယ်။
ဓာတ်ပုံ- AFP
ပုံစာ- ရုရှားသမ္မတ ပူတင်
ကိုးကား – AFP