စစ်မြေပြင်က သားသည်မိခင်တွေ
“စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ သတင်းကြားတာနဲ့ သားလေးလက်ဆွဲ သမီးလေးခါးပေါ်တင် ထုတ်ပိုးထားတဲ့ ကလေးပစ္စည်းလေးတွေ ကပျာကယာယူပြီး အများပြေးတဲ့ဆီ ပြေးရတာပဲ။ ကလေးတွေ အဖေက သမီးလေးမျက်နှာမမြင်ခင်တည်းက အပစ်အခတ်ကြောင့် ဆုံးပါးထားတော့ စစ်ဆိုတဲ့ အသံကို မကြားရဲတဲ့ထိ ကြောက်နေပြီလေ” လို့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းက ရွာတစ်ရွာမှာ နေထိုင်တဲ့ မကေက ပြောပါတယ်။
မကေဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၆ နှစ်အရွယ် သားတစ်ယောက်နဲ့ ၁ နှစ်ခွဲအရွယ် သမီးတစ်ယောက်ရဲ့ မိခင်ပါ။ ခင်ပွန်းဖြစ်သူကတော့ စစ်ကောင်စီ စစ်သားတွေရဲ့ အပစ်အခတ်ကြောင့် ဆုံးပါးသွားခဲ့တာ ၂ နှစ်နီးပါးရှိပါပြီ။ စစ်ရေးပြင်းထန်လှတဲ့ အညာဒေသမှာ မကေလို ခင်ပွန်းဖြစ်သူမရှိဘဲ ကလေးငယ်တစ်ဖက်နဲ့ ရုန်းကန်နေရတဲ့ သားသည်မိခင်တွေ ဒုနဲ့ဒေးပါ။ ဒီနေ့ သိစေချင်လို့ အစီအစဥ်မှာတော့ စစ်မြေပြင်က သားသည်မိခင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဘဝတိုက်ပွဲတချို့ကို သွားကြည့်ကြရအောင်ပါ။
“အခက်အခဲတွေကတော့ အများကြီးပေါ့။ သမီးလေးက ငယ်သေးတော့ မအေကို တအားတွယ်တယ်။ မျက်စိရှေ့က ပျောက်မရဘူး။ ဒါပေမဲ့ စီးပွားရေးလည်း ကိုယ့်ခေါင်းပေါ် ရောက်လာတော့ သူ့နားအမြဲ မနေနိုင်ဘူးလေ။ ဒီတော့ မိုးလင်းတာနဲ့ အငယ်မကို အိမ်နီးနားချင်းအိမ် ဒါမှမဟုတ် ဆွေမျိုးသားချင်းအိမ် အပ်၊ အကြီးကောင်ကို ကျောင်းပို့ပြီး တောသွားရတာပဲ။ မိဘဆွေမျိူး နီးစပ်ရာက ဖေးဖေးမမ ရှိလို့သာ ဒီလိုလေး ရပ်တည်နေနိုင်တာ ”လို့ မကေက သူကြုံတွေ့ရတဲ့ အခက်အခဲတွေကို အခုလို ပြောလာပါတယ်။
စစ်မြေပြင်က သားသည်မိခင်တွေအတွက် နီးစပ်ရာ ပတ်ဝန်းကျင်ရဲ့ အကူအညီအထောက်အပံ့ အတော်လိုပါတယ်။ ခင်ပွန်းရှိနေရင်တော့ စီးပွားရှာရတဲ့ ဝန်ပေါ့နိုင်ပေမဲ့ ခင်ပွန်းလည်း မရှိတဲ့ မကေလို သားသည်မိခင်တွေအတွက်တော့ ပတ်ဝန်းကျင်ရဲ့ အကူအညီအထောက်အပံ့နဲ့ပဲ ကလေးကို ပျိုးထောင်ရတာပေါ့။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ စစ်ဘေးရှောင် သားသည်မိခင်၊ စစ်မြေပြင်က သားသည်မိခင်တွေရှိရင် နိုင်ရာဘက်က ကူညီပေးသင့်ပါတယ်။ ပုခက်လွှဲတဲ့ လက်တွေက တံစဥ်ကိုပါကိုင်ရတဲ့အခါ အနီးအနားကလက်တွေက ပုခက်ကူလွှဲပေးကြဖို့ လိုပါတယ်။
ဒီလို သားသည် မိခင်တွေဟာ ကိုယ်စီကိုယ်စီ ပုခက်တစ်လှည့် တံစဥ်တစ်ကိုင် ဘဝတိုက်ပွဲဝင်နေရချိန်မှာတောင် ဘဝတူ ရဲဘော်ရဲဘက်အချင်းချင်း အပြန်အလှန် ကူညီပေးကြတယ်လို့ မကေနဲ့ တစ်ရွာတည်းနေသူ ၃ နှစ်အရွယ်ကလေးတစ်ဦး ပိုင်ဆိုင်ထားတဲ့ ကလေးမိခင် မဖြူက
“ကြိုထုတ်ထားတဲ့ အထုတ်တွေမပါဘဲ ကလေးနဲ့ ပျာယိပျာယာ ထွက်ရပြီဆိုရင်တော့ အတူပြေးကြတဲ့ ကလေးမအေတွေဆီက ကလေးအာဟာရမုန့်တို့ အဝတ်အစားတို့ မျှသုံးရတာပေါ့။ သူများမပါလည်း ကိုယ့်ဟာ မျှပေးရတယ်။ ကိုယ့်သားသမီးအတွက် နောက်ရက်စာတွေ ဘာတွေ မချန်နိုင်ဘဲ ပါတာလေး ရှိသမျှကလေး မျှကျွေးရ၊ စားရတာပါပဲ ”လို့ ပြောပါတယ်။
စစ်ကြောင်းထိုးချိန်မှာ တိမ်းရှောင်ကြတဲ့အခါ သားသည်မိခင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုတော့ မဖြူက အခုလို ဆက်ပြောပါတယ်။
“ကလေးမအေတွေကို တော်ရုံလူက အတူမခေါ်ချင်ကြဘူး။ တိမ်းနေတုန်း ကလေးငိုရင် မိမှာစိုးလို့။ ဆွေးမျိုးသားချင်း အရင်းအခြာတွေလောက်ပဲ ကြောက်ကြောက်နဲ့ အတူခေါ်ကြတာ။ တိမ်းရပြီဆိုရင်လည်း ကလေးကို အသံမထွက်အောင် အမျိုးမျိုး လုပ်ရတယ်။ ဟိုတစ်ခါ လေယာဥ်လာတုန်းကဆို ဗုံးခိုကျင်းထဲ အတူပုန်းနေတဲ့ ကိုယ့်ကလေး၊ သူ့ကလေး ပါးစပ် ပါလာတဲ့ ငှက်ပျောသီးနဲ့ စို့ထားရတာပဲ။ မငိုမှလည်း ကိုယ့်ကို နောက်ခါ အတူခေါ်ရဲမှာလေ”
စစ်မြေပြင်က သားသည်မိခင်တွေဟာ စစ်ဘေးရှောင်နေတုန်းတင်မဟုတ်ဘဲ သာမန်အခြေအနေမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကလည်း မနည်းမနောပါ။ ဒီလို စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်နေရပေမဲ့ သားသမီးပညာရေး မလစ်ဟင်းစေဖို့ ကြိုးစားနေတဲ့အကြောင်း မကေက အခုလို ပြောလာပါတယ်။
” ကလေးတွေကို ပညာတတ် ဖြစ်စေချင်တယ်။ အကြီးကောင်ကိုတော့ ကျောင်းထားနေပြီ။ တောသွားနေတဲ့အချိန် စစ်ကြောင်းဝင်လာမှာလည်း စိတ်ပူပေမဲ့ ကိုယ်လက်လှမ်းမီတဲ့ ပညာရေးဆိုလို့ ဒီကျောင်းတစ်ကျောင်းပဲရှိတော့ အရဲစွန့် ထားရတာပါပဲ”
စစ်ဒဏ်အလူးအလဲခံရတဲ့ ဒေသတွေမှာ မိဘတွေ အားထားနိုင်တဲ့ ပညာရေးဆိုလို့ ဒေသတွင်း လူငယ်တွေထောင်ထားတဲ့ ကိုယ်ထူကိုယ်ထ ပရဟိတ စာသင်ကျောင်းတွေပဲရှိပါတယ်။ ဒီတော့ ကိုယ့်သားသမီးကို စစ်ကြောင်းထိုးလာခဲ့ရင်၊ လေယာဥ်ဝဲခဲ့ရင် ဆရာ၊ ဆရာမတွေရဲ့ စကားကို နားထောင်ဖို့ သေချာမှာကြားပြီး စိတ်မဖြောင့်တဖြောင့်နဲ့ တောသွား၊ အလုပ်လုပ်ကြရတာပေါ့။ စစ်ဒဏ်ကြောင့် သာမန်အနေအထားတစ်ခုမှာ ရှိမနေနိုင်ပေမဲ့ သားသည်မိခင်တွေအနေနဲ့ မိမိရင်သွေးကို အဆင့်မြင့် ပညာရေးအမွေပေးနိုင်တယ် ဆိုတာကိုလည်း ကရင်နီစစ်ဘေးရှောင်စခန်းမှာ မွေးဖွားခဲ့ပြီး ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့တဲ့ မခင်လှဦးက သက်သေပြလို့နေပါတယ်။ ခယောင်းလမ်းကြမ်းကို လျှောက်နေပါရစေဦးတော့ သားသမီးတွေအတွက် ဖယောင်းလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ပုခက်တစ်လွှဲ တံစဥ်တစ်ကိုင် ကြိုးပမ်းနေကြတဲ့ စစ်မြေပြင်က သားသည်မိခင်တွေရဲ့ သတ္တိက ချီးကျူးဖွယ်ပါပဲ။
“ပုခက်လွှဲသောလက်သည် ကမ္ဘာကိုစိုးမိုးနိုင်၏” ဆိုသလို အနာဂတ်ကမ္ဘာကို လှုပ်ကိုင်ပြောင်းလဲပေးနိုင်တဲ့ သားသည်မိခင်တွေ ကျန်းမာကြံ့ခိုင်နေမှသာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ၊ အရွေ့တွေ ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတွေကို အံတုရင်း ကောင်းမွန်တဲ့ အရွေ့တွေဆီ သွားရာလမ်းမှာ ဦးဆောင်တိုက်ပွဲဝင်နေကြတဲ့ စစ်မြေပြင်က သားသည်မိခင်တွေကို နိုင်ရာဘက်က ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေပေးကာ ပါဝင်အားဖြည့်ကြရပါမယ်။ တစ်ဆက်တည်းမှာပဲ မကေတို့ မဖြူတို့လို စစ်မြေပြင်က သားသည်မိခင်တွေဆီကနေ “ခင်လှဦး” ဘယ်နှယောက်ထွက်ပေါ်လာနိုင်လဲ ဆိုတာ သားသည်မိခင်တွေနဲ့လည်း သက်ဆိုင်သလို စာဖတ်သူတို့ တစ်ဦးချင်းစီ ဖန်တီးနိုင်တဲ့ သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်အပေါ်လည်း အများကြီးတည်မှီနေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
Photo from BBC