ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဘေရွတ်မြို့က ဆေးရုံအောက်မှာ ဒေါ်လာသန်းရာချီတန်ကြေးရှိတဲ့ ငွေသားနဲ့ ရွှေတွေ ဝှက်ထားတယ်လို့ အစ္စရေးပြောဆို

Author အဂ္ဂ
Categories
Published on Oct 23, 2024

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဘေရွတ်မြို့က ဆေးရုံတစ်ရုံအောက်မှာ ဆောက်လုပ်ထားတဲ့ ကတုတ်ကျင်းထဲမှာ အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီတန်ကြေးရှိတဲ့ ငွေသားနဲ့ ရွှေတွေဖွက်ထားတယ်လို့ အစ္စရေးစစ်တပ်ဘက်က ထုတ်ပြောပါတယ်။

 

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ် ဟာဂါရီ ပြောဆိုခဲ့တဲ့ အချက်အလက်တွေကို ရိုက်တာသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။ ဟာဂါရီကတော့ ဒီအချက်အလက်တွေဟာ အစ္စရေးထောက်လှမ်းရေးက နှစ်ပေါင်းများစွာ စုဆောင်းထားတာလို့ ဆိုပါတယ်။

 

အစ္စရေးတို့ စွပ်စွဲပြောဆိုခဲ့တဲ့ အယ်ဆာဟယ်ဆေးရုံရဲ့ ဒါရိုက်တာ ဖာဒီအလာမက်ဟ်ကတော့ အစ္စရေးရဲ့ စွပ်စွဲချက်တွေကို မမှန်ကန်ဘူးလို့ ငြင်းဆိုပါတယ်။ အဲဒီဆေးရုံမှာ ခွဲစိတ်ခန်းတွေ၊ လူနာတွေနဲ့ ရင်ခွဲရုံပဲ ရှိတယ်ဆိုတာ လာရောက်စစ်ဆေးကြည့်ရှုဖို့ လက်ဘနွန်စစ်တပ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။

 

ရှီးယိုက်အမယ်လ်လှုပ်ရှားမှု(Shi’ite Amal Movement)ပါတီရဲ့ လက်ဘနွန်လွှတ်တော်အမတ်လည်းဖြစ်တဲ့ အလာမက်ဟ်က ဆေးရုံကို ဘေးကင်းရာဆီ ရွှေ့ပြောင်းနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ်က အဲဒီဆေးရုံကိုတော့ မတိုက်ခိုက်ဘူးလို့ အောက်တိုဘာ ၂၂ ထုတ်ပြန်ချက်ထဲ ဆိုထားပါတယ်။

 

အစ္စရေးဘက်က ထုတ်ပြောလာတာနဲ့ပတ်သက်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ လက်ရှိအချိန်ထိ မှတ်ချက်တစ်စုံတစ်ရာပေးတာမျိုး မရှိသေးပါဘူး။

 

အရင်လတုန်းက အစ္စရေးသတ်ဖြတ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ ခေါင်းဆောင်ဟောင်း ဟာဆန်နာရာလာ ကာလရှည်နေထိုင်ဖို့ ရည်ရွယ်ပြီး ဒီကတုတ်ကျင်းကို တည်ဆောက်ခဲ့တာလို့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ထုတ်ပြန်ချက်တစ်ခုမှာ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဟာဂါရီက ပြောကြားထားပါတယ်။

 

“အခုလောလောဆယ် အဲဒီကတုတ်ကျင်းထဲမှာ ဒေါ်လာသန်းရာနဲ့ချီ တန်ကြေးရှိတဲ့ ရွှေနဲ့ငွေသားတွေ ရှိနေပါတယ်။ လက်ဘနွန်အစိုးရ၊ လက်ဘနွန်အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျွန်တော် တောင်းဆိုချင်တာက ဟစ်ဇ်ဘိုလာအဖွဲ့က ဒီငွေတွေကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ဖို့ အသုံးပြုတာကို ခွင့်မပြုဖို့ပါ။ အားလုံးသိတဲ့အတိုင်း အစ္စရေးလေတပ်က အဲဒီနေရာကို စောင့်ကြည့်နေတာပါ၊ ဒါပေမဲ့ ကျွန်တော်တို့က ဆေးရုံကိုတော့ တိုက်ခိုက်မှာ မဟုတ်ပါဘူး” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနဲ့ တနင်္လာနေ့အကြား ညပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်ဘနွန်အခြေစိုက် ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အယ်လ်ကာဒ်အယ်လ်ဟာဆန် (Al-Qard al-Hassan)ရဲ့ နေရာ ၃၀ လောက်ကို တိုက်ခိုက်ခဲ့တယ်လို့  အစ္စရေးစစ်ဦးစီးချုပ် ဟာဇီဟာလီဗီက လက်ဘနွန်မှာရှိတဲ့ တပ်ဖွဲ့တွေကို ပြောကြားခဲ့ပါတယ်။ အယ်လ်ကာဒ်အယ်လ်ဟာဆန်ဟာ ဟက်ဇ်ဘောလာအဖွဲ့ရဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ငွေကြေးခဝါချမှုတွေလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။

 

ဒါ့အပြင် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေတည်နေရာတွေကို ဆက်လက်တိုက်ခိုက်သွားမယ် လို့လည်း ဟာဂါရီက ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ- Reuters

 

ပုံစာ- အစ္စရေးနိုင်ငံတောင်ပိုင်းမှာ သတင်းဌာနတွေကို စကားပြောဆိုနေတဲ့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ် ဟာဂါရီကို ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ် (ပုံအဟောင်း)

 

ကိုးကား- Reuters