ရန်ကုန်၊ ရွှေပြည်သာမှာ နှစ် ၃၀ ကျော်အတွင်း အဆိုးရွားဆုံးရေကြီးမှုနဲ့ရင်ဆိုင်နေရ

Author CJ Platform
Categories
Published on Oct 23, 2024

ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာ မုန်တိုင်းအရှိန်ကြောင့် မိုးရက်ဆက်ရွာသွန်းခဲ့တဲ့အတွက် နှစ် ၃၀ ကျော်အတွင်း အဆိုးရွားဆုံးရေကြီးရေလျှံမှုကို ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် ရွှေပြည်သာ တစ်မြို့လုံးနီးပါး ရေကြီးနေသလို အဲဒီမြို့ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေရှိ လူနေအိမ်တွေထဲအထိ ရေဝင်နစ်မြုပ်တာတွေဖြစ်ပေါ်နေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ၎င်းတို့က ပြောကြပါတယ်။

“တစ်ခါမှ ဒီလိုမကြုံဖူးဘူး။ အရင်က မတက်ဖူးတဲ့ ကျွန်မတို့ နေရာတွေတောင် တက်တယ်။ မြောင်းစနစ်တွေကမကောင်းတာရော၊ အိမ်သစ်နဲ့ အဆောက်အုံသစ်တွေ ထပ်ဆောက်နေတာကြောင့်ရော ပြီးတော့ သဘာဝဘေးကလည်း ကပ်စိုက်နေသလိုပဲ။ ဒီတော့ နောက်နှစ်တွေလည်း ဒီထက် ပိုဆိုးဖို့ပဲရှိမယ်” လို့ ရွှေပြည်သာမြို့၊ အမှတ် ၇ ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အောက်တိုဘာ ၂၀ ရက်နေ့ကစတင်ပြီး မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ရွှေပြည်သာမြို့နယ်ရှိ ဇီးကုန်းရပ်ကွက်၊ ကျောင်းကုန်း၊ အမှတ် ၇၊ ၈ ၊ ၁၀ ၊ ၁၁၊ ၁၂၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၂၇ စတဲ့ရပ်ကွက်တွေအပြင် စမ်းချောင်းလေး၊ စမ်းချောင်းကြီး၊ စမ်းကရင်ရွာနဲ့ တခြားအနိမ့်ပိုင်းရပ်ကွက်/ကျေးရွာတွေက လမ်းနဲ့ အိမ်တွေထဲထိ ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်အတွင်းက အင်းပေါက်စုနဲ့ ဇီးကုန်းကျေးရွာတွေမှာလည်း လူနေအိမ်တွေအတွင်း ရေဝင်ရောက်မှုကြောင့် နေထိုင်လို့မရတဲ့အတွက် ယာယီဖွင့်လှစ်ထားတဲ့ ဇီးကုန်းကျောင်းတိုက် ရေဘေးရှောင်စခန်းမှာ သွားရောက်နေထိုင်ကြရတယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

 

လက်ရှိ‌ ရွှေပြည်သာမြို့နယ်အတွင်း ရေဘေးရှောင် ၂၀၀ ဦးနီးပါးရှိနေပြီး တချို့လည်း ရေလွတ်ရာ အသိမိတ်ဆွေနဲ့ ဆွေမျိုးအိမ်တွေဆီ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ကျွန်မအသိအိမ်တွေ ရေဝင်ပြီး နေလို့မရတော့လို့ သူ့အစ်ကိုအိမ်မှာ ခဏပြောင်းနေကြရတယ်။ အဲဒီအိမ်ထဲလည်း ရေရောက်ဖို့ တစ်ထွာလောက်ပဲလိုတော့တယ်။ မိုးဆက်ရွာရင် မလွယ်ဘူး” လို့ အမှတ် ၇ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ရွှေပြည်သာမြို့နယ်အတွင်း ရေကြီးတာတွေကြောင့် နေအိမ်တွေထဲ မြွေဝင်ရောက်ခိုအောင်းတာတွေ ရှိနေပြီး ရေဘေးအပြင် မြွေဘေးပါ ဂရုစိုက်ကြဖို့ကိုလည်း ရွှေမေတ္တာလူမှုကူညီရေးအသင်းက သတိပေးထားပါတယ်။

နေအိမ်တွေထဲ ရေဝင်ရောက်မှုတွေကြောင့် ရွှေပြည်သာမြို့ခံတွေ အရေးပေါ်ရွှေ့ပြောင်းနိုင်ဖို့ အထုတ်တွေထုတ်ပိုးထားကြတဲ့အကြောင်း မြို့ခံ လူမှုကွန်ရက်ဂရုတွေထဲ ဓာတ်ပုံတွေနဲ့အတူ ဝင်ရောက်ပြောဆိုနေကြပါတယ်။

 

ဒါ့အပြင် တချို့ရပ်ကွက်တွေမှာ လျှပ်စစ်မီးပါပျက်နေလို့ ချက်ပြုတ်စားသောက်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

“၈၁ ဂိတ်ဟောင်း၊ ကံ့ကော်လမ်းမှာ ဒီမနက်(အောက်တိုဘာ ၂၂ ရက်) ၃ နာရီကတည်းက အခန်းထဲအထိ ရေတွေရောက်လာလို့ ထုတ်ပိုးထားရတယ်။ ခု နှစ်ရက်လောက် ခဏနေလို့ရမယ့် နေရာလေးရှိမလား မသိဘူး” လို့ အမှတ် ၁၂ ရပ်ကွက် နေသူတစ်ဦးက အကူအညီတောင်းခံထားတဲ့အကြောင်း ရွှေပြည်သာမြို့သတင်းတွေဖော်ပြပေးနေတဲ့ Shwe Pyi Thar Information ဆီကနေ သိရပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်း အောက်တိုဘာ ၁၉ ရက်နေ့ညကတည်းက လေပြင်းတိုက်ခတ်တာ လျှပ်စီးလက်တာ‌တွေဖြစ်ပေါ်ခဲ့တဲ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့တာတွေရှိတယ်လို့လည်း ‌ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ရွှေပြည်သာမြို့နယ် မီးသတ်စခန်းကတော့ အမှတ်(၁၉)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်တွေ အမိုးလန်တာတွေရှိတဲ့အပြင် ရေနစ်မြုပ်နေတဲ့ အိမ်ထောင်စုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာန(Myanmar Fire Services Department)က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Myanmar Fire Services Department

 

ပုံစာ – မိုးများပြီး လေပြင်းဒဏ်နဲ့ ရေကြီးရေလျှံခြင်းဒဏ်ခံစားနေရတဲ့ ရွှေပြည်သာမြို့နယ်အတွင်းက ပြည်သူများကို ကယ်ဆယ်နေစဉ်