ယင်းမာပင်မှာ စစ်ကောင်စီပတ်ကင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံးသလို ရဲဘော်တစ်ဦးကျဆုံး

Author မင်းထက်
Categories
Published on Jul 22, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသလို ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ Black Shadow PDF မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက် ၆ နာရီခွဲခန့်မှာ မုံရွာ-ပုသိမ်လမ်းမပေါ်တွင် အင်အား ၁၅၀ ခန့်နဲ့ တပ်စွဲထားတဲ့စစ်ကြောင်းမှ ပတ်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦးကို အုံတုံပင်​နဲ့ ကျေးစာကျကျေးရွာကြားမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

“စစ်ကောင်စီဘက်က ခြောက်ယောက် ပတ်ကင်းထွက်လာတဲ့အတိုင်းအတာမှာ ငါးယောက်သေသွားတယ်လို့ အတွင်းသတင်းရတယ်။ မျက်မြင်ကိုယ်တွေ့အရ လေးလောင်းတွေ့တယ်။ လက်နက် သုံးလက်ကောက်ရတယ်။ တစ်လက်က မရခဲ့ဘူးဗျ” လို့ Black Shadow PDF မှ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ယင်းမစ်ရှင်အတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့တဲ့အပြင် စစ်ကောင်စီထံမှ MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် သုံးလက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

 

ယင်းစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်-၃၀(ADPRA) တပ်ခွဲ ၂ (Black Shadow PDF)၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ CDRF နဲ့ Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – Black Shadow PDF