သံတွဲက နောက်ဆုံးတပ်ကို AA ဆက်တိုက်နေ
ငပလီကမ်းခြေရှိရာ ရခိုင်ပြည်၊ သံတွဲမြို့ကို အလုံးစုံသိမ်းနိုင်ဖို့ နောက်ဆုံးကျန်တဲ့ ကွင်းဝိုင်းရေတပ်စခန်း(ပင်မဆက်သွယ်ရေးနဲ့ ရေငုပ်တပ်)ကို အာရက္ခတပ်တော်(AA)က ဆက်လက်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ အဲဒီတပ်စခန်းထဲ AA က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ အရာရှိဆောင်နဲ့ ရေကန်ထဲတို့သို့ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ ပြောပါတယ်။
“လူသေတာတော့ မရှိဘူး။ အသေးစားဒဏ်ရာပဲရသွားတယ်။ အရာရှိအဆောင် အပေါ်ကိုကျတော့ အဲဒီထမင်းစားဆောင်မှာ တာဝန်ကျနေတဲ့ နှစ်ယောက်ကို ထိသွားတာ” လို့ ၎င်းက ပြောပါတယ်။
အရာရှိဆောင်ကို ကျရောက်ပေါက်ကွဲစဉ် စစ်ကောင်စီရဲ့ ထမင်းချက်တပ်သားတွေဖြစ်တဲ့ ကျော်စွာနဲ့ သန်းဋ္ဌေးတို့နှစ်ဦး ဒဏ်ရာရရှိခဲ့တာလို့ အဲဒီသတင်းရင်းမြစ်က နာမည်နဲ့တကွ ထုတ်ပြောပါတယ်။
လတ်တလော ရေတပ်နဲ့ ၈ မိုင်အကွာခန့်ရှိ ဖာလာတောင်ကြောတဝိုက်က ကွင်းဝိုင်းရေတပ်ကာကင်းကို AA က ထိုးစစ်ဆင်နေတဲ့အတွက် စစ်ကောင်စီတပ်က ခုခံဖို့ ကင်းပုန်းတွေချထားတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီက ကာကင်းကို AA က ယမန်နေ့ ဇူလိုင် ၂၁ ရက် ညပိုင်းတုန်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ သံတွဲဒေသခံတွေက ဆိုပါတယ်။
အဲဒီဖာလာတောင်ကြောက ကာကင်းတွေကျသွားပါက ကွင်းဝိုင်းရေတပ်ဟာ အလွယ်တကူကျသွားနိုင်တယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။
“ဖုန်းလိုင်းတွေကလည်း မနက်က ဖြတ်ထားတာ ညနေပိုင်းမှရတယ်။ ရွာသားတွေဆီ ဖုန်းဆက်ကြည့်သလောက်တော့ ထိခိုက်မှုတွေ မရှိလိုက်ဘူး” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီဘက်က နောက်ဆုံးကျန်ရှိတဲ့ ၎င်းတို့ရဲတပ်စခန်းမကျစေရေး ကွင်းဝိုင်းရေတပ်ကို ခုခံစစ်အတွက်ပြင်ဆင်နေပြီး ရေတပ်ဘက်ကို လာရောက်နိုင်တဲ့ကားလမ်းတွေနဲ့ဆက်သွယ်ထားတဲ့တံတားတွေကို ဖျက်ဆီးထားတယ်လို့ အဲဒီက ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ရေတပ်အနီးရှိ ဒေသခံပြည်သူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုတော့တဲ့အတွက် အဆိုပါလမ်းကို အသုံးပြုနေရတဲ့ မောင်ရွှေလေးရွာနဲ့ ကျောက္ကလပ်ကျေးရွာတွေက ဒေသခံပြည်သူများ ကျေးရွာထဲ ပိတ်မိနေတယ်လို့ သိရပါတယ်။
သံတွဲမြို့မှာ AA က သံတွဲလေဆိပ်၊ ငပလီကမ်းခြေတို့အပါအဝင် နေရာအတော်များများကို သိမ်းပိုက်နေရာယူထားနိုင်ပြီဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC