မိုးများပြီး ရုတ်တရက်ရေကြီးလို့ အိန္ဒိယ-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းရေမြုပ်ပြီး စားနပ်ရိက္ခာများပျက်စီး


မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရေမြုပ်လို့ စားနပ်ရိက္ခာတွေ ပျက်စီးသွားကြောင်း အဲဒီစစ်ဘေးရှောင်များထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၂၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်က ဘုံရံကျေးရွာရှိ စစ်ဘေးရှောင်စခန်း ရေမြုပ်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ရေမြှုပ်သွားတဲ့အတွက် စုဆောင်းထားတဲ့ ဆန်၊ ဆား၊ ငပိ၊ ဆီ၊ ဆေးဝါး စတဲ့ စားနပ်ရိက္ခာတွေ ပျက်စီးသွားတယ်လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မနေ့ညနေက မိုးကရုတ်တရက် ရွာချလိုက်ပြီး ရေကြီးရေလျှံမှုဖြစ်သွားတယ်။ စစ်ဘေးရှောင်စခန်းတွေကလည်း ရေမြုပ်ကုန်တယ်။ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး။ အခုစားနပ်ရိက္ခာတွေ ပျက်စီးကုန်တာကြောင့် စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်ဘေးရှောင်တွေ အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူသားစာနာထောက်ထားရေးဌာနနဲ့ မြန်မာစစ်ဘေးရှောင် ကော်မတီ(‌ကဘော်ဒေသ)အဖွဲ့တို့သို့ အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

 

အဲဒီ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၅၀ ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော်နေထိုင်ကာ ၎င်းတို့ဟာ တမူးမြို့နယ်မှ စစ်ဘေးတိမ်ရှောင်လာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာတွေကို တွေ့ရစဥ်