ဝက်လက်မြို့က ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ ပြည်သူတွေအပေါ် ဘယ်လိုပြုမူဆက်ဆံနေသလဲ? ပြည်သူပြောတဲ့ ပြည်သူ့ PDF တွေအကြောင်း

Author အညာသတင်းထောက်
Categories
Published on Jul 22, 2024

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း နွေဦးတော်လှန်ရေးနဲ့အတူ လက်နက်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြည်သူတွေကို ဘယ်လိုပြုမူဆက်ဆံနေပါသလဲ။ ဘယ်လိုကာကွယ်နေပါသလဲ။ အဲဒီက LPDF နဲ့ ဒေသခံတို့ကြား ဆက်ဆံရေးအခြေအနေ၊ LPDF တွေကြောင့် ဒေသခံတွေ အခက်အခဲကြုံနေစေပါသလား စတဲ့ အကြောင်းအရာတွေကို ဒေသခံများထံ CJ Platform က စုံစမ်းမေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

၀က်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ နီးစပ်သူဒေသခံတစ်ဦးရဲ့ ပြောကြားချက် >>>

  • ဇူလိုင် ၁၆ ရက်က ဝက်လက်မြို့နယ် ပအဖနဲ့ ပကဖတွေ အစည်းဝေးပြုလုပ်ခဲ့၊
  • အဲဒီအစည်းအဝေးမှာ မြို့ဝင်/ထွက်မှာ ဆန်၊ ဆီ၊ စက်သုံးဆီ လူသုံးကုန်သယ်ခွင့် ရွှေဘိုခရိုင် တပ်ရင်း ၂ က တင်းကျပ်နေတယ်လို့ လူသားစာနာဌာနက တင်ပြခဲ့၊
  • မြို့နယ် ပကဖ ခေါင်းဆောင် ဦးနေမျိုးအောင်က ဒါဟာ မူအရ MoD ခွင့်မပြုဘဲလုပ်မရလို့ တပ်ရင်းနဲ့ ညှိနှိုင်းမယ်လို့ပြော၊
  • အဓိက ပကဖနဲ့ တပ်ရင်းတို့ ပေါင်းလုပ်တာလို့ဆို၊
  • ဇူလိုင် ၁၄ မှာ စားသောက်ကုန်ဂျက်ဖာကို PDF စစ်ဆေးရေးဂိတ်က သိမ်းယူခဲ့၊
  • ခရိုင်က ပေးလို့ပြောမှ ပြန်ရ
  • ၀က်လက်မြို့အ၀င်ရှိ တပ်ရင်းနဲ့ ပကဖ ပူးပေါင်းစောင့်တဲ့ သခွတ္တောနဲ့ ရေလည်ဂိတ်တို့မှာ ပြည်သူတွေရဲ့ ကုန်ပစ္စည်းတွေ သိမ်းခြင်း၊ ပြုမူပြောဆိုပုံ ဆိုးရွားစွာ လုပ်ဆောင်၊
  • ရှိုန်းမက္ကားက မုဒိမ်းမှုနဲ့ ထောင်ခုနစ်နှစ်ချခံထားရသူကို လာဘ်ငွေရယူပြီး ၂ နှစ်ကျော်နဲ့ လွှတ်ပေး၊
  • လူသတ်မှုအပါအ၀င် အကြမ်းဖက်ပုဒ်မနဲ့ အကျဥ်းသားများကိုလည်း ထိုနည်းတူ လွှတ်ပေးထား၊
  • ဖမ်းမိ သုံ့ပန်း သုံးယောက် ပလဖတွေ ပေါ့လျော့လို့ လွတ်မြောက်၊
  • မြို့အတွင်း စစ်တပ်ရဲ့ ရွှေပန်းကုန်းစခန်းတစ်ခုသာ သိမ်းထားနိုင်၊
  • ပြည်သူအပေါ် ရိက္ခာဖြတ်တောက်ခြင်း၊ မာန်မဲခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်နေ၊

မြို့နေပြည်သူများကို မြို့နယ်နိမိတ်ပြင်ပ ထွက်နေကြရန် တော်လှန်ရေးရဲဘော်တချို့က ပြောတယ်လို့ ဆိုပါတယ်။

 

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုရဲ့ အဖွဲ့၀င်တစ်ဦးရဲ့ ပြောကြားချက် >>>

 

  • ဝက်လက်မြို့မှာ စစ်ရေးလှုပ်ရှားမှု အနည်းငယ်ပဲလုပ်ပြီး ပြည်သူတွေကို ကန့်သတ်ဖိနှိပ်နေ
  • အမျိုးသမီးတစ်ဦးရဲ့ ဆန်လေးဘူးကို စစ်တပ်ရိက္ခာဖြစ်မှာစိုးလို့ဆိုပြီး သိမ်းဆည်း၊
  • မြို့နယ်ထဲက မတရားမှုနဲ့ အဂတိမှုတွေကို အဆင့်ဆင့်တင်ပြတိုင်ကြားပေမဲ့ MoD ဘက်က အရေးမယူပေးလို့ အောက်ခြေမှာ လုပ်ချင်ရာလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
  • ဇူလိုင် ၈ ရက်က ဗကသရဲဘော် မြင့်မြတ်ဦး သတ်ဖြတ်ခံရ၊
  • စစ်တပ်ဂိတ်နဲ့ဝေးသလို ဒေသတွင်းမှ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်လို့ စုံစမ်းပေးဖို့ အဆင့်ဆင့်တင်ပြပေမဲ့ ဆောင်ရွက်မှုအားနည်း၊
  • ရွဲရွာပကဖ ဦးမြင့်ဝေကို လွန်ခဲ့တဲ့ ၂ လခန့်က မျက်နှာဖုံးစွပ်လူတစ်စုက လာခေါ်သွားပြီးနောက် ရွာပြင်သင်္ချိုင်းအနီးမှာ သေဆုံးလျက်ပြန်တွေ့၊
  • သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ အမှုမှန်မပေါ်ပေါက်သေး၊
  • ဒါကြောင့် ပြည်သူတွေ တော်လှန်ရေးအင်အားစုအပေါ် ယုံကြည်မှုနည်းလာသလို ထောက်ပံ့မှုလျော့ကျလာ၊
  • တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေရှိပေမဲ့ ဘယ်သူ့တိုင်ကြားရမှန်း မသိဖြစ်နေ၊

တိုင်ကြားသူတချို့ ပျောက်ကွယ်သွားရတဲ့ မှုခင်းဖြစ်ရပ် အများအပြားရှိတယ်လို့ ဆိုပါတယ်။

 

ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ပြောကြားချက် >>>

  • တခြားမြို့နယ်တွေကို တစ်ဆင့်ခံကားသမားများထံ မှာယူရာမှာ PDF ဂိတ်တွေက သယ်ယူခွင့်ကန့်သတ်၊
  • ခရီးသွားဒေသခံတွေအပေါ် ကြမ်းကြမ်းတမ်းတမ်းနဲ့ နိုင့်ထက်စီးနင်းပြောဆို၊

 

ဝက်လက်မြို့ခံတစ်ဦးရဲ့ ပြောကြားချက် >>>

  • ရွာတစ်ရွာက အမွေဆိုင်လယ်ယာမှုကို မျှတအောင် လုပ်ဆောင်မပေး၊

၁၀ ဧကမြေပေါ် ၅ ဧကမှာသာ လုပ်ကိုင်ခွင့်ရလို့ နစ်နာသူက မြို့နယ်ကို တင်ပြပေမဲ့ မလုပ်ပေးလို့ ခရိုင်သို့ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

 

ဒါဟာ ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ ဖြစ်စဉ် အချို့ ဖြစ်တယ်လို့ CJ Platform ရဲ့ အညာသတင်းထောက်က စုစည်း သတင်းပေးပို့ပါတယ်။