ဂျိုးဘိုင်ဒန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်

Author အဂ္ဂ
Categories
Published on Jul 22, 2024

ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီးနောက် အမေရိကန်ပြည်ထောင်စုရဲ့ အသက်ကြီးဆုံး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်သွားပါတယ်။

 

ဒီအကြောင်း သူ့ရဲ့ လူမှုကွန်ရက် X(ယခင် Twitter)ကတစ်ဆင့် ဇူလိုင် ၂၁ ရက် တနင်္ဂနွေနေ့မှာ တရားဝင်ကြေညာခဲ့တာပါ။

 

“ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့ အာရုံစိုက်တာက ပါတီနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ သူ့ရဲ့ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်မှုနဲ့ ပတ်သက်ပြီး ဂျိုးဘိုင်ဒန်က ပြောပါတယ်။

 

လာမယ့်ရက်သတ္တပတ်အတွင်း သူနုတ်ထွက်ရခြင်း အသေးစိတ်အချက်အလက်တွေကို နိုင်ငံအခြေပြုမိန့်ခွန်းထဲ ပြောကြားမယ်လို့လည်း ဆက်လက်ရေးသားထားပါတယ်။

 

အသက် ၈၁ နှစ်နဲ့ အမေရိကန်သမိုင်းဝင် အသက်အကြီးဆုံးသမ္မတဟာ သူ့ရဲ့ မိခင်ပါတီဝင်တွေနဲ့ လွှတ်တော်အမတ် ၃၀ ကျော်ရဲ့ သမ္မတလောင်းဝင်ပြိုင်ခွင့်ကနေ နုတ်ထွက်ဖို့ လူသိရှင်ကြားဖိအားပေးမှုတွေ ဆက်တိုက်ကြုံလာရတဲ့အပြင် တတိယအကြိမ်မြောက်အဖြစ် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကူးစက်ခံရပြီးနောက် အခုလို နုတ်ထွက်ကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

 

ဂျိုးဘိုင်ဒန်ကို နုတ်ထွက်ဖို့တိုက်တွန်းခဲ့သူတွေထဲ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း မစ်စ် နန်စီပီလိုစီ(Nancy Pelosi)အပါအဝင် တခြားနာမည်ကြီး ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

 

ဇွန်လနှောင်းပိုင်းက အတ္တလန်တာမှာပထမဆုံးကျင်းပတဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ဟာ ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို သိသိသာသာအရေးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ပါတီတွင်းကလူတွေရဲ့ အပြင်းအထန်ဝေဖန်တာနဲ့ ကြုံခဲ့ရတာပါ။

 

ဒါ့အပြင် ဇူလိုင်လ အစောပိုင်းကလုပ်ခဲ့တဲ့ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(NATO) ထိပ်သီးအစည်းအဝေးမှာလည်း ယူကရိန်းသမ္မတ ဇီလန်းစကီးကို ရုရှားသမ္မတ ပူတင်နဲ့ မှားယွင်းမိတ်ဆက်ပေးခဲ့တာကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အပြောပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြပြောဆိုမှုတွေလည်း အများအပြားကြုံတွေ့ခဲ့ရပါသေးတယ်။

 

ဒီမိုကရက်ပါတီရဲ့ ညီလာခံ ကျင်းပဖို့ တစ်လသာ လိုတော့တဲ့အချိန်၊ နိုဝင်ဘာ ရွေးကောက်ပွဲကျင်းပဖို့ သုံးလကျော်သာလိုတော့တဲ့အချိန်မှာပဲ အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတက အခုလို သူ့ရဲ့ဒုတိယသက်တမ်းဆက်ခွင့်ကနေ နုတ်ထွက်လိုက်တာဟာ ဒီမိုကရက်ပါတီအတွက်ကတော့ မကြုံစဖူးထူးကဲတဲ့ အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – Susan Walsh/AP Photo]

 

ကိုးကား – Al Jazeera

 

 

Related News

Depend on news