MRF ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေအပါအဝင် ဆန်ကုန်သည်တွေကို စစ်ကောင်စီဖမ်းဆီးစစ်ဆေး

Author ကိုထားဝယ်
Categories
Published on Jun 22, 2024

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ဦးအပါအဝင် ဆန်ကုန်သည်တွေကို ဆန်းဈေးမထိန်းချုပ်နိုင်လို့ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ MRF အသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

၎င်းတို့ကို ဖမ်းဆီးစစ်ဆေးနေတာ နှစ်ရက်လောက်ရှိပြီဖြစ်ပေမဲ့ ပြန်မလွှတ်ပေးသေးဘူးလို့ အဲဒီအသိုင်းအဝိုင်းက ဆန်ကုန်သည်ကြီးတွေထံမှ သိရပါတယ်။

 

“ကိုရဲမင်းအောင်၊ ကိုလူမော်နဲ့ ကိုနေလင်းဇင်တို့ကို ဖမ်းထားတာဟုတ်ပါတယ်” လို့ MRF ရဲ့ ဗဟိုအလုပ်မှုဆောင်တစ်ဦးက CJ Platform အတည်ပြုပြောကြားပါတယ်။

 

လတ်တလော ဖမ်းဆီးခံရသူတချို့နဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရသေးဘဲ သူတို့ဖုန်းတွေ ပိတ်ထားခံရတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

 

အဲဒီလို MRF အကြီးအကဲတွေ ဖမ်းဆီးခံရသလို ရန်ကုန်က အဓိက ကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ ဝါးတန်းဆန်ကုန်စည်ဒိုင်တို့က ဆန်ကုန်သည်နဲ့ ဆန်ပွဲစားတချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဆန်အဓိက ထွက်တဲ့ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့က ဆန်ကုန်သည်တွေလည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ အဲဒီက ဆန်စက်ပိုင်ရှင်တချို့ထံမှ သိရပါတယ်။

 

“နယ်မှာလည်း ဖမ်းဆီးခံရတာတွေရှိတယ်။ သူတို့ပြောတာက ဖမ်းတာတော့ မဟုတ်ဘူး။ ခေါ်ယူမေးမြန်းနေတာပေါ့။ အချုပ်ထဲ၊ ရဲစခန်းထဲတော့ ခေါ်သွားတာတော့မဟုတ်ဘူး။ ဖျာပုံမှာက တစ်ယောက်၊ မြောင်းမြမှာ သုံးယောက်၊ ပဲခူး၊ ဒိုက်ဦးက တစ်ယောက်လို့သိထားတယ်” လို့ ဧရာဝတီတိုင်းမှ ဆန်စက်ပိုင်ရှင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူထု အဓိကစားသုံးကုန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်နဲ့ ကုန်စည်တွေအားလုံး သုံးဆကနေ လေးဆအထိ မြင့်တက်နေတာဖြစ်ပါတယ်။

 

ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း ဈေးနှုန်းတွေမြင့်တက်လာပါက လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေဆဲပဲဖြစ်ပါတယ်။

 

ဒါပေမဲ့ ယင်းမှာ အဖြေမှန်မဟုတ်ဘဲ မှားယွင်းတဲ့လုပ်ဆောင်ချက်တစ်ခုသာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

 

ပြီးခဲ့တဲ့မေလနှောင်းပိုင်းထဲ ပြည်တွင်းရွှေတစ်ကျပ်သား သိန်း ၆၀ နီးပါးနဲ့ အမေရိကန်တစ်ဒေါ်လာ ၆၀၀၀ နီးပါးအထိမြင့်တက်ခဲ့သလို တခြားနိုင်ငံခြားငွေဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်ခဲ့ပါတယ်။

 

အဲဒီကာလတုန်းကလည်း အထင်ကရ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့လို့ ထွက်ပြေးတဲ့ ရွှေလုပ်ငန်းရှင် ဆယ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့သလို ရွှေလုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

 

ဒါ့အပြင် တရားဝင်နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေအပါအဝင် ဟွန်ဒီလုပ်ငန်းလုပ်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့သလို ဥပဒေအရ အရေးယူမယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Myanmar Rice Federation(MRF)

 

ပုံစာ – ၂၀၁၃ ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့ MRF အစည်းအဝေးမှာတွေ့ရတဲ့ ဦးရဲမင်းအောင်နဲ့ ဗဟိုအလုပ်မှုဆောင်များ(ပုံဟောင်း)