လတ်တလော ချင်းပြည်မှာ ဘာဖြစ်နေလဲ?

Published on Jun 22, 2024

ပထမဦးဆုံး လွတ်မြောက်နယ်မြေဖြစ်မယ်လို့ အားလုံးမျှော်လင့်ထားကြတဲ့ တူမီးသမားတွေရဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးဟာ လမ်းခုလတ်မှာ ရပ်တန့်နေပါပြီ။ အတွေ့အကြုံရင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNA/CNF ကနေ ချင်းလဲန်းကောင်စီဆိုပြီး တစ်ဖွဲ့ထောင်လိုက်ပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား အကွဲကွဲအပြဲပြဲဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ဘုံရန်သူ စစ်ကောင်စီကို တိုက်ခိုက်ရာမှာလည်း အားလျော့မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ အခုတော့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း အကျအဆုံးတွေဖြစ်ပေါ်စေတဲ့အထိ နှစ်ဖက်ထိတွေ့မှုတွေ ဖြစ်လာနေခဲ့ပါပြီ။

ဇွန်လထဲ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက မတူပီမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေချိန် ချင်းအမျိုးသားတပ်(CNA/CNF)နဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ချင်းညီနောင်ဘက်က စစ်ကောင်စီတပ်စခန်းတချို့လည်း လက်လွှတ်လိုက်ရတာမျိုးတွေအထိ ရှိလာနေပါတယ်။ ဒီလိုနှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ ဘယ်သူ့ကြောင့်ဖြစ်တာလဲ။ အကျအဆုံးတွေရှိခဲ့လား။ ချင်းပြည်မှာ ဘာတွေဆက်ဖြစ်နေကြလဲဆိုတာတွေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ရဲ့ ဇွန်လ ၂၀ ရက်နေ့ ညပိုင်းကပြုလုပ်တဲ့သတင်းရှင်းပွဲက ပြောကြားချက်တွေနဲ့အတူ CJ Platform သတင်းဌာနက ချင်းလဲန်းကောင်စီက အတွင်းရေးမှူး ဆလိုင်း ပေါလ်နဲ့ CNA/CNF ပြောဆိုခွင့်ရှိသူ ဆလိုင်းထက်နီတို့က ဆက်သွယ်မေးမြန်းထားချက်တွေကို စုစည်းမေးမြန်းဖော်ပြလိုက်ပါရစေ။

 

“သတင်းစာရှင်းလင်းပွဲအတွင်း ချင်းညီနောင်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်များ”

 

  • ချင်းပြည်(တောင်ပိုင်း) မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ဇွန်လ ၁၈ ရက်နေ့မှာ ချင်းအမျိုးသားတပ်(CNA/CNF)ဘက်က အလစ်အငိုက်ဝင်တိုက်ခဲ့ပါတယ်။
  • စစ်ကောင်စီရဲ့ ခမရ ၃၀၄ ကို ဇွန်လ ၁၇ ရက်နေ့က ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ခလရ ၁၄၀ ကို ဆက်လက်ထိုးစစ်ဆင်ဆောင်ရွက်နေချိန်မှာ အနောက်က ဝင်တိုက်ခဲ့တယ်။
  • ချင်းညီနောင်အနေနဲ့ ဇွန်လ ၁၇ ရက်နေ့ ညနေမှာ ခလရ ၁၄၀ ဘက်မောင်းသွားတဲ့ ကားကို စစ်ဆေးရာက CNF ရဲဘော်တစ်ဦးကို ယာယီထိန်းသိမ်းခဲ့ပါတယ်။ သူ့ကို နောက်တစ်နေ့ ဇွန် ၁၈ မှာ လွှတ်ပေးမယ်လို့ပြောထားသလို CNF ဘက်ကလည်း နောက်နေ့ နေ့လယ်မှာ ပြန်ခေါ်မယ်လို့ အကြောင်းပြန်ခဲ့ပေမဲ့ နောက်တစ်နေ့မှာ CNF နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်။
  • အဲဒီလိုတိုက်ခိုက်မှုကြောင့် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တွေထိခိုက်ကျဆုံးတာရှိသလို CC ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။
  • ထိန်းသိမ်းထားတဲ့ ရဲဘော်ကို ချင်းညီနောင်မှသုတ်သင်လိုက်ပြီဟု ကောလာဟာလထွက်ပေါ်ခဲ့ပေမဲ့ ဇွန် ၂၀ ရက်က ချင်းညီနောင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲဘော်ကို အကောင်းပကတိ ထုတ်ပြခဲ့ပါတယ်။
  • မတူပီမြို့သိမ်းနိုင်ဖို့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်နေပါတယ်။
  • ဒါပေမဲ့ CNF အနေနဲ့ ဘုံရန်သူကိုတိုက်ရမယ့်အစား အချင်းချင်းပြန်တိုက်နေလို့ ချင်းညီနောင်အဖွဲ့တွေအနေနဲ့ စစ်မျက်နှာနှစ်ခုဖွင့်ထားရပါတယ်။
  • ချင်းညီနောင်ပူးပေါင်းအဖွဲ့တွေသိမ်းဖို့ပြင်နေတဲ့ မတူပီမြို့မှာ CNF အဖွဲ့ရဲ့ တားမြစ်ချက်တွေကို ရုတ်သိမ်းပေးဖို့လိုပါတယ်။
  • ဒီလိုမျိုးအချင်းချင်းတိုက်နေတာဟာ တော်လှန်ရေးကို များစွာနှောင့်နှေးစေပါတယ်။
  • အပစ်အခတ်ရပ်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိဘဲ ကျွန်တော်တို့နေရာကနေပဲ ကာကွယ်နေတာဖြစ်လို့ သူတို့က မပစ်တော့ဘူးဆိုရင် ရပ်သွားမှာပါ။

 

မဟာမိတ် အာရက္ခတပ်တော်နဲ့ပတ်သက်ပြီး ပြောဆိုချက်

  • ချင်းညီနောင်အနေနဲ့ ဘယ်သူ့အကျိုးစီးပွားမှမထိခိုက်ဘဲနဲ့ ရေရှည် ချင်းပြည်သူနဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် တွေ့ဆုံညှိနှိုင်းမှုနည်းလမ်းနဲ့ ဖြေရှင်းသွားမှာပါ။
  • အာရက္ခတပ်တော် AA နဲ့ပတ်သက်ပြီး မဟာမိတ်တွေအနေနဲ့သာ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး AA ဦးဆောင်ပြီး ချင်းပြည်နယ်ကို တိုက်ခိုက်တယ်ဆိုပြီး ပြောတာဟာ မဟုတ်မှန်ပါဘူး။ လူမျိုးစုတွေကြားသွေးထိုးလှုံ့ဆော်နေတာ သက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။
  • ကျင်ဒွေးမြို့ကို AA နဲ့အတူ သိမ်းပိုက်ထားပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေသာ အုပ်ချုပ်ရေးတွေ ဆောင်ရွက်နေတဲ့အကြောင်း ဥပမာပေး ပြောပါတယ်။
  • အရင်ဆုံး ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အရင်တိုက်ထုတ်ပြီးမှသာ စားပွဲဝိုင်းပေါ် အဖြေရှာကြမှာဖြစ်တယ်လို့ ပလက်ဝဒေသနဲ့ ပတ်သက်ပြီး ပြောကြားပါတယ်။
  • အနာဂတ်ချင်းပြည်မြေပုံဟာ စစ်ကောင်စီကင်းစင်သွားတဲ့တစ်နေ့မှ ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပြီး အခုချိန်လုပ်နေမယ်ဆိုရင် လက်တွေ့ကျတဲ့လုပ်ရပ်မဟုတ်ဘူးလို့ဆိုပါတယ်။

 

နှစ်ဖက်ဆွေးနွေးနိုင်ဖို့

  • လက်နက်နဲ့ဖြေရှင်းစရာမလိုတဲ့အရာကို လက်နက်နဲ့ဖြေရှင်းမှာမဟုတ်ပါဘူး။ လက်နက်နဲ့ဖြေရှင်းရမှာက စစ်ကောင်စီပဲရှိပါတယ်။
  • ချင်းညီနောင်အနေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အမြဲတမ်းတံခါးဖွင့်ထားပါတယ်။ ချင်းလဲန်းကောင်စီ(CC) ဘက်ကိုလည်း တရားဝင်စာပို့ ထားပါတယ်။ သူတို့ဘက်ကနေ တွေ့ဆုံညှိနှိုင်းဖို့ ပြန်ကမ်းလှမ်းလာတာမျိုးမရှိသေးပါဘူး။ ကျွန်တော်တို့ကို တိုက်ခိုက်တာတွေကို ရပ်မယ်ဆိုရင် တွေဆုံဖို့က မခက်ပါဘူး။
  • ပြဿနာတွေကိုမကြီးထွားစေချင်ဘူး။ အချင်းချင်းတိုက်နေတဲ့ စစ်ပွဲတွေရပ်ပြီး စစ်ကောင်စီကိုတိုက်ထုတ်ဖို့ အာရုံစိုက်စေချင်တယ်။
  • လောလောဆယ်မတူကွဲပြားမှုတွေခဏထားပြီး စစ်ကောင်စီကို အပြုတ်တိုက်ဖို့ ကင်းစင်အောင်တိုက်ထုတ်ဖို့ ဖြစ်မလာသေးဘဲ တွေ့ဆုံညှိနှိုင်းဖို့ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
  • နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုဆိုတာမှာ CC ဘက်က အပစ်အရင်ရပ်ဖို့ လိုအပ်ပြီး အပစ်ရပ်မှသာ တွေဆုံဆွေးနွေးလို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ တတိယအဖွဲ့အစည်းလိုမျိုးကြားဝင်ညှိနှိုင်းပေးနိုင်ခဲ့မယ်ဆိုရင်တော့ ကောင်းပါတယ်။

 

“Chinland Council(CC)တုံ့ပြန်မှု

ဆလိုင်းထက်နီ (CNF/CNA ပြောရေးဆိုခွင့်ရှိသူ)

  • ကျွန်တော်တို့ အဓိကဦးတည်တာက စစ်ကောင်စီရဲ့ ၁၄၀ စခန်းနဲ့ ဗျူဟာကုန်းကို တိုက်ထုတ်ဖို့ပါ။ ကျွန်တော်တို့မတိုက်နိုင်အောင် AA ဦးဆောင်တဲ့ ချင်းညီနောင်အဖွဲ့က ကြားထဲကဝင်တိုက်တယ်။
  • ကျွန်တော်တို့ ကားသမားကိုလည်းဖမ်းတယ်။ နေရာဖယ်ပေးဖို့၊ ကားမားကို ပြန်လွှတ်ပေးဖို့ ပြောပေမဲ့ မရလို့ တိုက်ပွဲဖြစ်သွားတာပါ။
  • စကားပြောစက်ကနေ ပြန်လာခေါ်ဖို့ လက်ခံရရှိတာမရှိဘူး။ မြေပြင်ကလာတဲ့ သတင်းအရ အဲဒီလိုမျိုး(ပြန်လာခေါ်ဖို့ပြောဆိုခြင်း)ဘာမှမရှိဘူး။
  • သူတို့က ကျွန်တော်တို့လူတွေ ဖမ်းထားတာအများကြီးရှိပေမဲ့ တစ်ယောက်မှပြန်မလွှတ်ဘူး။
  • Operation CB လုပ်တာလုပ်ပါ။ AA ဦးဆောင်တိုက်တာ၊ AA က စခန်းသိမ်းပြီး အုပ်ချုပ်မယ်ဆိုတာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ဘူး။
  • ချင်းတော်လှန်ရေးတပ်တွေပူးပေါင်းဖို့ အမြဲတံခါးဖွင့်ထားပါတယ်။ သူတို့မှာ AA သာမရှိဘူးဆိုရင်တော့ ပူးပေါင်းဖို့ ဖြစ်လာနိုင်ပါတယ်။

 

ဆလိုင်း ပေါလ်(အတွင်းရေးမှူး-ချင်းလဲန်းကောင်စီ)

 

  • ညှိနှိုင်းတယ်ဆိုတဲ့နေရာမှာ ဒေသခံဖြစ်တဲ့ CDF အချင်းချင်းညှိနှိုင်းကြပြီးတော့မှ နှုတ်နဲ့ ဆောင်ရွက်တာဖြစ်တယ်။ စစ်မြေပြင်မှာ စာချုပ်စာတမ်းနဲ့ သွားလုပ်နေလို့မရဘူး။
  • ကျွန်တော်တို့က သေသေချာချာပြင်ဆင်ပြီး ခလရ ၁၄၀ ကိုသိမ်းမလို့ပါ။ သူတို့ဘက်ကလည်း ခမရ ၃၀၄ ကို သိမ်းမယ်လို့ကြားတယ်။ အဲဒီစခန်းသိမ်းတုန်းက ကျွန်တော်တို့ဘက်က မနှောင့်ယှက်ခဲ့ပါဘူး။
  • သူတို့က ၃၀၄ ကိုအပြီးအစီးမသိမ်းနိုင်ခင်မှာပဲ ၁၄၀ ဘက်ကိုကူးလာတာ။
  • သူတို့က ပိတ်ဆို့ထားလို့ ဆုတ်ပေးဖို့ပြောတာကို မဆုတ်တဲ့အပြင် ကျွန်တော်တို့ရဲဘော်တွေကိုလည်း ဖမ်းဆီးပါတယ်။ အဲဒါတွေကအစ ဖြစ်လာတာပေါ့။
  • ကျွန်တော်တို့က ချင်းညီနောင်နဲ့ AA ကို စစ်မျက်နှာဖွင့်နေတာမဟုတ်ပါဘူး။ ၁၄၀ နဲ့ ဗျူဟာကုန်းကိုသိမ်းဖို့သွားခဲ့တာပါ။ သူတို့က စစ်မျက်နှာလာဖွင့်တယ်လို့တောင်ပြောလို့ရတယ်။
  • ညှိနှိုင်းဖို့ဆိုရင် ကျွန်တော်တို့ ၁၄၀ ကိုတိုက်မယ့်ဟာကို သူတို့ဘက်က တပ်ဆုတ်ပေးဖို့လိုပါတယ်။
  • နောက်ဆုံးဖြည့်စွက်ပြောရရင်တော့ ပြဿနာရဲ့အရင်းအမြစ်ကို သူ့ဘက်ကိုယ့်ဘက်လွန်စွဲနေတာထက် ဘုံရန်သူကိုတိုက်ဖို့တူနေတဲ့ ရည်မှန်းချက်တွေရှိတဲ့အတွက် စစ်ဆင်ရေးလုပ်ဖို့လာတဲ့ဟာကို နားလည်မှုရှိရှိနဲ့ နောက်ဆုတ်ပေးနိုင်ဖို့ အဓိကဖြစ်ပါတယ်။