ပလက်ဝမှာ လေကြောင်း တိုက်ခိုက်လို့ အရပ်သား ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on May 22, 2024

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှာ စစ်ကောင်စီက မနေ့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သေဆုံး အရပ်သားတွေဟာ ဦးအောင်ကျော်ညွှန့်၊ ဦးမောင်သိန်းနိုင်၊ ဦးအောင်ထွန်း၊ မစန္ဒာနဲ့ ဒေါ်လှခိုင်တို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ မောင်ဒီဖြိုး၊ မောင်မြတ်သူ၊ မောင်အောင်မြတ်ဦး၊ ဒေါ်မြနု၊ ဒီမိုးထွန်း၊ ဒေါ်သိန်းရွှေဦး၊ ဦးထွန်းလင်း၊ ဦးအောင်ဟေ့ထွန်း၊ ဦးကျော်လှနဲ့ ဦးကျော်စိုးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အရပ်သားတွေထဲ အမျိုးသမီးနဲ့ ကလေးတွေ အများအပြားပါဝင်နေတယ်လို့ ပလက်ဝဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မနေ့ ညနေ ၄ နာရီကနေ ၆ နာရီကြားမှာ လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်သွားတာပါ။ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် ငါးဦး ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့ထဲမှာ ၁၅ နှစ်အောက် ကလေး သုံးယောက်အပါအဝင် ၁၁ ဦးလောက် ဒဏ်ရာရသွားပါတယ်” လို့ သူက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေထဲမှာ ခြေလက် ဆုံးရှုံးလိုက်ရတဲ့ လူနာတွေလည်း ပါဝင်နေပြီး သူတို့တွေကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ တရွန်အိုင်ကျေးရွာက လူနေအိမ်အချို့နဲ့ ဈေးဆိုင်အချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆေးရေးနဲ့အတူ ဇန်နဝါရီ ၁၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတာလည်း လေးလကျော် ကြာမြင့်နေပြီလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ဟုမ်းရွာကို စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ

 

Related News

Depend on news